MT News
မိုးကာပတ်၊ လက်ပြန်ကြိုးတုပ်ကာ ဦးခေါင်းပတ်တီးစည်းထားမှုများဖြင့် ပုပ်ပွသေဆုံးနေသော အမျိုးသားအလောင်းတစ်လောင်းအား ဒီဇင်ဘာလ ၁၄ ရက် နေ့လယ်က အမြန်လမ်း မိုင်တိုင် ၃၅၉ မိုင်ရှိ တံတားအောက်တွင် တွေ့ရှိခဲ့သည်ဟု သိရသည်။
ဖြစ်စဉ်မှာ ဒီဇင်ဘာ ၁၄ ရက် နေ့လည် ၁ နာရီခန့်က မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ လွန်းကျော်ကျေးရွာ ရန်ကုန် -မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ် (၃၅၉/၇ နှင့် ၃၆၀)ကြား မြစ်စွပ်တံတားအောက်တွင် အမည်မသိပုပ်ပွနေသော အမျိုးသားအလောင်းတစ်လောင်းအား ဒေသခံတစ်ဦးမှ စတင်တွေ့ရှိခဲ့ကြောင်း သိရသည်။
“မိုးကာအစိမ်းရောင်နဲ့ ပတ်ထားပြီးတော့ လက်နှစ်ဖက်ကိုလည်း နောက်ပြန်ကြိုးတုပ်ထားတာ။ ခေါင်းပိုင်းတစ်ခုလုံးကိုလည်း ပတ်တီးပတ်ပတ်လည်စီးထားတယ်”ဟု စတင်တွေ့ရှိခဲ့သည့် ရွာသားတစ်ဦးက ဆိုသည်။
အဆိုပါအလောင်းအား သတ်ဆိုင်ရာမှ နေ့လည် ၁ နာရီခွဲခန့်တွင် ရွှေကြက်ယက်ကျေးရွာမှ သံဝေဂဉာဏလူမှုကူညီအရေးသင်းယာဥ်ဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ- သံဝေဂဉာဏလူမှုကူညီအရေးသင်း