၈. ၄. ၂၀၂၄
Written by Pan Ei
ထိုင်းနိုင်ငံ ကန်ချနပူရီခရိုင်ရဲတပ်ဖွဲ့က အရွယ်မရောက်သေးသူလေးဦးအပါအဝင် မြန်မာနိုင်ငံသား ၁၃၅ ဦးကို နိုင်ငံတွင်းတရားမ၀င် ဝင်ရောက်မှုနဲ့ ဖမ်းဆီးထားတယ်လို့ သိရပြီး ဖမ်းဆီးမှုတွေကို သီးခြားစစ်ဆင်ရေးနှစ်ခုနဲ့ ပြုလုပ်ခဲ့တာလို့ ထိုင်းအခြေစိုက် သတင်းတွေမှာ မနေ့က ဖော်ပြခဲ့ပါတယ်။
ပြည်နယ်ရဲတပ်ဖွဲ့ရဲ့လက်ထောက်တပ်မှူး ပတ္တရာချိုင် ကော်စာနမ် နဲ့ စုံစမ်းရေးမှူး မာနာ ဆန်ရာဝုမ် တို့နဲ့အတူ ကန်ချနပူရီခရိုင်ရဲတပ်ဖွဲ့က မသင်္ကာဖွယ် ပစ်ကပ်ထရပ်ကားတစ်စီးကို ထိုင်း-မြန်မာ နယ်စပ်အနီးက အဝေးပြေးလမ်းအမှတ် ၃၂၃ မှာ တွေ့ရှိခဲ့တယ်လို့ သောကြာနေ့ ညနေ ၅ နာရီခန့်က ဒေသခံတစ်ဦးဆီက သတင်းပေးပို့ချက်ရရှိခဲ့နယ်လို့ သိရပါတယ်။
အဆိုပါ သတင်းရရှိပြီးနောက် ရဲတပ်ဖွဲ့ဝင်တွေက ညနေ ၆ နာရီခွဲလောက်မှာ ပစ်ကပ်ကားကို စစ်ဆေးဖို့ အောင်မြင်စွာ ရပ်တန့်စေနိုင်ခဲ့ပြီး စေ့စေ့စပ်စပ်ရှာဖွေခဲ့ရာမှာ အမျိုးသမီး ဆယ်ဦး အပါအဝင် မြန်မာနိုင်ငံသား အလုပ်သမား ၅၈ ဦးကို ယာဉ်နောက်ဘက်မှာ ဝှက်ထားတာ တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံသားတွေပါတဲ့ ကုန်တင်ကားကို မောင်းနှင်လာသူ ကာဂျွန် ပါရာကတ်သမ် ကိုလည်း အလုပ်သမားတွေနဲ့အတူ ချက်ချင်းဖမ်းဆီးပြီး စိုင်းယော့ရဲစခန်းကို ပို့ဆောင်ခဲ့သလို နိုင်ငံတွင်းကို တရားမ၀င် လူမှောင်ခိုသွင်းမှုစွဲချက်တွေနဲ့ ရင်ဆိုင်စေခဲ့တယ်လို့ သိရပါတယ်။
တစ်ဆက်တည်းမှာပဲ ထိုင်းစစ်တပ်က တာဝန်ရှိသူတွေနဲ့ သောင်ဖဖွမ်း ဒေသဆိုင်ရာ တာဝန်ရှိသူတွေ ပူးပေါင်းပြီး သတ်မှတ်နယ်မြေအတွင်း ရှာဖွေရေး လုပ်ငန်းတွေကို ဆောင်ရွက်ခဲ့ရာ ဧပြီလ ၆ ရက် နံနက် ၂နာရီခွဲလောက်က သာခနွန် တောထဲမှာ ပုန်းအောင်းနေကြတဲ့ ကလေးငယ်လေးဦး အပါအဝင် နောက်ထပ် မြန်မာနိုင်ငံသား ၇၇ ဦးကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
သူတို့ဟာ မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကနေ ထွက်ပြေးလာခဲ့တာဖြစ်တယ်လို့ ဘာသာပြန်သူတစ်ဦးကတစ်ဆင့် ဝန်ခံခဲ့ပြောကြားခဲ့ပြီး သူတို့ဟာ ရဲစစ်ဆေးရေးဂိတ်တွေကို ရှောင်ဖို့ သဘာဝမှောင်ခိုလမ်းကြောင်းကို အသုံးပြုခဲ့ပြီး ထိုင်းနိုင်ငံထဲဝင်ရောက်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။
သူတို့ဟာ ဘန်ကောက်အပါအဝင် ပြည်နယ်အသီးသီးက သူတို့ရဲ့လုပ်ငန်းခွင်တွေကို ပို့ဆောင်ပေးမဲ့ လူကို စောင့်နေခဲ့ကြကြောင်း ပြောကြားခဲ့သလို သူတို့ သက်ဆိုင်ရာနေရာတွေကို ရောက်ရှိတဲ့အခါ ကြားခံပွဲစားတွေကို ဘတ်ငွေ ၂၀,၀၀၀ အထိ ပေးရဖို့ရှိတယ်လို့လည်း သတင်းတွေမှာ ဖော်ပြထားပါတယ်။
အလားတူ ထိုင်းနိုင်ငံထဲ မှောင်ခိုလမ်းကြောင်းကတစ်ဆင့် တရားမဝင်ခိုးဝင်လာတဲ့ မြန်မာနိုင်ငံသား ၁၂၀ ကျော်ကို ကန်ချနပူရီမြို့က စွန့်ပစ်အိမ်တစ်လုံးထဲမှာ ပြီးခဲ့တဲ့ ဧပြီလ ၄ ရက်က ဖမ်းဆီးမိတဲ့ ဖြစ်စဉ်ဖြစ်ပွားခဲ့ဖူးပြီး အခုဖမ်းမိတဲ့ မြန်မာနိုင်ငံသားတွေကိုလည်း အရင်က ဖမ်းဆီးခံထားရတဲ့ အဖွဲ့တွေလိုပဲ နိုင်ငံထဲခွင့်ပြုချက်မရှိဘဲ ဝင်ရောက်မှုနဲ့ တရားစွဲဆိုထားကာ မြန်မာနိုင်ငံကို ပြန်လည်ပို့ဆောင်ဖို့ စီစဉ်လျက်ရှိတယ်လို့ သိရပါတယ်။
Ref; The Thaiger