၂. ၄. ၂၀၂၄
Written by Phyo Wei
မဟာသင်္ကြန်ကာလ နီးကပ်လာပေမဲ့လည်း ဖျက်ဆီးတိုက်ခိုက်ဖို့ကြံရွယ်သူတွေကြောက်လို့ သင်္ကြန်ပိုးတွေလည်း မထရဲကြတဲ့ မြန်မာ့သင်္ကြန်ကို စိတ်မကောင်းစွာငေးကြည့်နေမဲ့ ပြည်သူတွေနဲ့ ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်ခံလိုက်ရတဲ့ ထိုင်းနိုင်ငံရဲ့ ဆွန်ခရန်သင်္ကြန်ကို သွားလည်ဖို့ကြံဆနေသူတွေကြားမှာ မြန်မာ့စီးပွားရေးကတော့ ကောင်းကွက် လောက်လောက်ငြားငြားရှာမတွေ့ခဲ့သလို ခရီးသွားမလာတာကြောင့် ဟိုတယ်အလုံးလိုက်တွေ ထုတ်ရောင်းနေကြပေမဲ့လည်း ဝယ်သူက မရှိပြန်ပါဘူး။
တစ်ဖက်မှာဆို မိုးစပါးစိုက်ဧက ၁၄ သန်းရှိပေမဲ့ ရည်မှန်းချက်ပန်းတိုင် တင်း ၁၀၀ မထွက်ဘဲ ၇၈ တင်းကျော်ပဲ ထွက်တာကြောင့် တစ်ဧက ၂၂ တင်းလောက်လျော့နည်းလို့ တင်းသန်း ၃၀၀ နီးပါး အထွက်ကျခဲ့သလို အဲဒီပမာဏက ဘီလျံ ၇၀၀၀ ခန့် လျော့နည်းသွားတယ်ဆိုတဲ့ဖြစ်စဉ်တွေ၊ ၅၉ ကြိမ်မြောက် ကျောက်မျက်ရတနာပြပွဲကို မေလဆန်းမှာ ကျင်းပမယ်ဆိုတဲ့ဖြစ်စဉ်တွေရှိပေမဲ့လည်း ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက်အဖြစ်တော့ အစိုးရအဆက်ဆက်ကြွေးမြီတွေကို ဒေါ်လာ ၂ ဒသမ ၂ ဘီလျံ ဆပ်နိုင်ခဲ့တယ်ဆိုတဲ့ ပြည်ပကြွေးမြီတွေအကြောင်း၊ ရွှေစျေး၊ ငွေစျေး စျေးကစားဆွဲတင်ခံရမှုအကြောင်းတွေနဲ့ လက်နက်ကိုင်အကြမ်းဖက်မှုတွေကြောင့် နောက်တစ်နှစ်မှာလည်း ကုန်ထုတ်လုပ်မှုတွေ မတိုးတက်နိုင်သေးဘူးဆိုတဲ့ အကြောင်းတွေကို သုံးသပ်တင်ပြချင်ပါတယ်။
◾ ဒေါ်လာ ၂ ဒသမ ၂ ဘီလျံကျော် ဆပ်နိုင်ခဲ့တဲ့ ပြည်ပကြွေးမြီ
အရင် NLD အစိုးရဟောင်းက ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၅- ၂၀၁၆ ဘဏ္ဍာနှစ်အကုန် အာဏာလွှဲပြောင်းရယူချိန် ပြည်တွင်းပြည်ပကြွေးမြီက ကျပ်၂၇၉၇၀ ဘီလျံသာရှိပေမဲ့လည်း NLD အစိုးရအဖြစ်က ဖြုတ်ချခံရပြီးချိန် ၂၀၂၀- ၂၀၂၁ ဘဏ္ဍာနှစ်အကုန်မှာ ပြည်တွင်းပြည်ပကြွေးမြီက ကျပ် ၅၈၂၅၆ ဘီလျံကျော်အထိ မြင့်တက်လာခဲ့သလို NLD အစိုးရဟောင်းချေးခဲ့တဲ့ ပြည်တွင်းပြည်ပကြွေးမြီက ကျပ် ၃၀၂၈၆ ဘီလျံကျော်ရှိလာပါတယ်။
အဲဒီလို ပြည်တွင်းပြည်ပကြွေးမြီဆိုရာမှာ ပြည်ပကြွေးမြီက ကျပ်ဘီလျံ ၁၈၃၆၇ ဘီလျံရှိခဲ့ပြီး အဲဒီအချိန်က ကျပ်ငွေတန်ဖိုးသင့်မှုအရ ဒေါ်လာ ၁၁ ဘီလျံနီးပါးရှိခဲ့တာပါ။ ဒီလိုမျိုး အစိုးရအဆက်ဆက်ချေးယူခဲ့တဲ့ ကြွေးမြီတွေကို အစိုးရအဖြစ်ဆက်ခံတဲ့ နစကအစိုးရက ဒိုင်ခံပြန်ဆပ်ရာမှာ အရင်းငွေကို သုံးနှစ်အတွင်း ဒေါ်လာ ၂ ဒသမ ၂ ဘီလျံလောက် ဆပ်နိုင်ခဲ့တာပါ။
အခြားသောအခြေအနေမှာ ဒီလိုမျိုး ကြွေးမြီ တစ်နှစ် ဒေါ်လာ သန်း ၇၇၀ လောက်ဆပ်ဖို့ဆိုတာ မခဲခက်ပေမဲ့ နစကလက်ထက်မှာ ကမ္ဘာသုံး Hard Currency တွေကို မြန်မာနိုင်ငံမှာ အလွယ်တကူသုံးလို့မရအောင် ပိတ်ဆို့မှုတွေ၊ ချေးငွေမပေးတာတွေ၊ NLD အစိုးရဟောင်း ကဲ့ထုတ်သွားလို့ နိုင်ငံခြားအရန်ငွေဒေါ်လာတစ်ဘီလျံကို အမေရိကန်အစိုးရက ထိန်းချုပ်ထားပြီး ပြန်မပေးတာတွေ၊ နိုင်ငံတကာအကူအညီနဲ့ ထောက်ပံ့ငွေ မရတော့တာတွေအပြင် တရုတ်နဲ့ ထိုင်းကို ရောင်းထုတ်နေတဲ့ ရေနံနဲ့ သဘာ၀ဓာတ်ငွေ့ကရတဲ့ငွေတွေပါ သုံးမရအောင် အလုပ်ခံရတဲ့အထိကို နိုင်ငံခြားငွေအကျပ်အတည်းကြုံခဲ့ပြီး မြန်မာ့ကျပ်ငွေတန်ဖိုးကျဆင်းမှုကို ကြုံခဲ့ရတာပါ။ ဒီနေရာမှာ အစိုးရတစ်ရပ်အကျပ်အတည်းဖြစ်အောင် လုပ်မယ်ဆိုတဲ့ အသိဉာဏ်မပြည့်စုံသူတွေမြင်သင့်တာက SAC အစိုးရကို မလိုလားလို့ မြန်မာကျပ်ငွေဖောင်းပွပြီး ဒေါ်လာရှားပါးအောင် လုပ်လိုက်ပေမဲ့ တကယ်တမ်း ငွေဖောင်းပွမှုဒဏ်ခံလိုက်ရတာက ပြည်သူတွေဖြစ်ပြီး အစိုးရတာဝန်ယူထားသူတွေကတော့ မင်းတို့ ဒုက္ခပေးတာတောင် ငါတို့က NLD အစိုးရဟောင်းနဲ့ အရင်အစိုးရအဆက်ဆက်ချေးခဲ့တဲ့ပြည်ပအကြွေး ဒေါ်လာ ၂ ဒသမ ၂ ဘီလျံတောင် ဆပ်ပေးလိုက်တာ တွေ့တယ်မို့လားလို့ ဂုဏ်ယူစရာဖြစ်သွားခဲ့တာကိုပါ။
◾ ရွှေစျေးငွေစျေး စျေးကစားခံရမှုဂယက်
ပြည်တွင်းရွှေစျေးကို စျေးကစားပြီး လေပတ်ကားရောင်းဝယ်တာ၊ ပွဲစားတွေက စျေးဆွဲတင်တာကြောင့် ပြင်ပစျေးကွက်မှာ ရွှေတစ်ကျပ်သား ၄၅ သိန်းခွဲနီးပါးအထိမြင့်တက်လာသလို ဒေါ်လာစျေးကိုလည်း ဆွဲတင်နေတာကြောင့် တစ်ဒေါ်လာ ကျပ် ၃၉၀၀ နီးပါးဖြစ်လာတယ်ဆိုတဲ့ ကောလာဟလတွေကြောင့် ဗဟိုဘဏ်က ဒီလိုမျိုးရွှေစျေး၊ ငွေစျေး စျေးကစားနေသူတွေကို စုံစမ်းစစ်ဆေးနေပြီဖြစ်သလို အရေးယူမှုတွေကိုပါ ထုတ်ပြန်ပေးမယ်လို့ မတ်လ ၃၀ ရက်မှာ တရားဝင်သတင်းထုတ်ပြန်လာပါတယ်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဟာ နိုင်ငံခြားငွေလဲလှယ်နှုန်း တည်ငြိမ်စေဖိုနဲ့ ဈေးကစားမှုတွေ မဖြစ်စေရေးအတွက် လုပ်ဆောင်နေပေမဲ့ ဈေးကစားလိုသူတွေက နိုင်ငံခြားငွေ Rate အပြောင်းအလဲဖြစ်တော့မယ်ဆိုတာမျိုး၊ ရွှေရောင်းဝယ်မှုတွေကိုလည်း လေပတ်ကားဈေးတွေနဲ့ ကောလဟလ သတင်း ထုတ်လွှင့်တာ၊ နိုင်ငံခြားငွေဈေးနှုန်း၊ ရွှေဈေးနှုန်းတွေကို ပြည်သူလူထု စိုးရိမ် ပူပန်မှု ဖြစ်အောင်ရေးသားပြီး ဈေးကစားနေတာ၊ ပုဂ္ဂိုလ်အချို့ကလည်း ဥပဒေနဲ့မညီဘဲ၊ တရားဝင် ကိုင်ဆောင်ခွင့်မရှိဘဲ နိုင်ငံခြားငွေ ရောင်းဝယ်နေတာ၊ ထိုင်းလိုနိုင်ငံမျိုး ပြောင်းရွှေ့အခြေချဖို့ ပိုင်ဆိုင်မှုတွေထုတ်ရောင်းပြီး ဒေါ်လာနဲ့ တခြားနိုင်ငံခြားငွေဝယ်ယူနေတာတွေကြောင့် မကြာခဏဆိုသလို ရွှေစျေး၊ ငွေစျေးတွေ အဆမတန် မြင့်တက်မှုကြုံနေရပြီး ရွှေစျေးဆို ရွှေအသင်းရည်ညွှန်းစျေးနဲ့ကို ၇ သိန်းကျော် ကွာဟတဲ့အထိ ကောလာဟလဖြစ်နေတာပါ။
ဒါကြောင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေနဲ့လည်း ကောလာဟလသတင်းတွေနဲ့ပတ်သက်ပြီး မကြာခဏ ဖြေရှင်းချက် ထုတ်ပြန်ပေးနေသလို ရွှေဈေး၊ ငွေဈေး ဈေးကစား နေသူတွေကိုလည်း ရရှိထားတဲ့ သတင်းအချက်အလက် အထောက်အထားတွေအရ စုံစမ်းစစ်ဆေးနေပြီဖြစ်လို အရေးယူဆောင်ရွက်မှုတွေကိုလည်း ထပ်မံထုတ်ပြန်သွားမယ်လို ဗဟိုဘဏ်က ပြောလာတာပါ။
ဗဟိုဘဏ်ပြောလာပြီးတဲ့နောက်မှာ ရွှေစျေး၊ ငွေစျေးတွေက ရွှေတစ်ကျပ်သား ၄၄ သိန်း ၄ သောင်းလောက်နဲ့ အတက်မရှိဖြစ်သွားပြီး ဒေါ်လာစျေးကတော့ ၃၈၈၀ လောက်နဲ့ပဲ ကစားနေကြတာကို တွေ့ရပါတယ်။ ဒီနေရာမှာ ရွှေစျေး၊ ဒေါ်လာစျေးဟာ ဘယ်လိုဆွဲတင်တင် ဗဟိုဘဏ်ဝင်ဟန့်တာနဲ့ ငြိမ်ကျ ပြန်ဆင်းတာကို တွေ့ရတာပါ။ ဒါပေမဲ့လည်း စျေးကစား၊ တက်ရိပ်ပြချိန်၊ ကောလာဟလထုတ် ထုတ်ခြင်းလုပ်ဆောင်တာမျိုးမရှိဘဲ ၁၀ ရာခိုင်နှုန်းလောက် ခုန်တက်ပြီးချိန်တွေမှ ဝင်ဝင်ဟန့်လို့ ဟန့်ချိန်အမြင့်စျေးမှာ ကာလရှည်ငြိမ်သွားတာမျိုးမြင်ရသလို ရွှေငွေစျေးကစားလို့ အရေးယူမှုတွေကို စနစ်တကျထုတ်ပြန်မှုမလုပ်တာကလည်း နောက်တစ်ကြိမ် ရွှေငွေစျေးကစားဖို့ အားယူခိုင်းတဲ့ပုံစံ ဖြစ်စေသလို ပြည်တွင်းပြည်ပရွှေရောင်းဝယ်မှုကို အရေးကြီးကုန်စည်အဖြစ်သတ်မှတ်ပြီး အရေးယူဖို့ကြပ်မတ်မယ်ဆိုတာကလည်း ဒီလိုမျိုး စျေးကစားပြီး ဆွဲတင်ခံနေရတဲ့အခြေအနေမှာတောင် မလုပ်နိုင်တာကလည်း မေးခွန်းထုတ်စရာဖြစ်လာနေပါတယ်။
◾ အကြမ်းဖက်မှုကြောင့် နောက်တစ်နှစ်မှာလည်း မတိုးတက်နိုင်သေးဘူးဆိုတဲ့ ကုန်ထုတ်လုပ်မှု
လက်နက်ကိုင် အကြမ်းဖက်မှုတွေ ရှိနေဆဲဖြစ်လို မြန်မာ့ကုန်ထုတ်လုပ်မှုအပေါ် အဆိုးမြင်မှုတွေ မြင့်တက်နေပြီး လာမယ့်တစ်နှစ်အတွင်း တိုးတက်ရေးအခြေအနေ မှေးမှိန်နေမယ်လို့ ဧပြီ ၁ ရက်က ထုတ်ပြန်တဲ့ S&P Global မြန်မာ့ထုတ်လုပ်မှု Purchasing Managers’ Index (PMI) စစ်တမ်းမှာ ဖော်ပြထားပါတယ်။ ကုန်ထုတ်လုပ်မှုကို အဓိကတိုင်းတာတဲ့ PMI အညွှန်းကိန်းမှာ မြန်မာ့ကုန်ထုတ်လုပ်မှုဟာ ပြီးခဲ့တဲ့ မတ်လမှာလည်း ၄၈ ဒသမ ၃ သာရှိပြီး ကြားနေအမှတ် ၅၀ အောက်မှာ ဆက်လက်မှတ်တမ်းတင်ခဲ့သလို အလုပ်နေရာတွေ နောက်ဆုံးဖြတ်တောက်မှုမှာ ပြင်းထန်ခဲ့ပြီး နှစ်နှစ်ခွဲနီးပါးအတွင်း အသိသာဆုံးဖြစ်လာခဲ့တာပါ။ ဒါ့အပြင် လက်နက်ကိုင် အကြမ်းဖက်မှုတွေရှိနေဆဲ သတင်းတွေနဲ့အတူ ဈေးဝယ်တွေရဲ့ ငွေရေးကြေးရေးအခြေအနေ ယိမ်းယိုင်လာနေချိန်မှာ ကုမ္ပဏီတွေဟာ အော်ဒါအသစ်တွေ တိုးတက်ရရှိဖို ရုန်းကန်နေခဲ့ကြရပါတယ်။ အဲဒီအကျိုးဆက်အဖြစ် ယုံကြည်စိတ်ချမှုလည်း ထိုးနှက်ခံခဲ့ရသလို လွန်ခဲ့တဲ့နှစ်တွေထဲ နိုင်ငံရေးနဲ့ စီးပွားရေး စိန်ခေါ်မှုတွေကို ဆက်တိုက်ရင်ဆိုင်ခဲ့ရတာတောင် မြန်မာထုတ်လုပ်သူတွေက နှစ်တော်တော်များများ အကောင်းမြင်ခဲ့ကြပေမဲ့ နောက်ဆုံး နှစ်လအတွင်းမှာ အကောင်းမြင်မှုက အကျဘက်ဦးတည်ပြီး အဆိုးမြင်မှု ပိုနက်ရှိင်းလာခဲ့တယ်လို့ သုံးသပ်ပြောဆိုထားပါတယ်။ ဧပြီလထဲမှာ အာဏာသက်ဝင်လာဖို့ ရှိတဲ့ စစ်မှုထမ်းဥပဒေဟာ အလုပ်သမား ဈေးကွက်အပေါ်မှာ ဆက်လက် ဖိစီးလာနေပြီး အလုပ်က နှုတ်ထွက်မှုတွေကို အစီရင်ခံမှုမှာ ပုံမှန်ထုတ်ဖော်ပြောကြားလာသလို အလုပ်သမားတွေဟာ ဇာတိနေရပ်တွေကို ပြန်နေကြသူနဲ့ နိုင်ငံခြားမှာ အခွင့်အလမ်းရှာလိုသူတွေကလည်း ရှာနေကြတာဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ ကုန်ထုတ်လုပ်မှုလုပ်ငန်းတွေဟာ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလကနေ စက်တင်ဘာလအထိ ရှစ်လဆက်တိုက် တိုးတက်မှုရှိခဲ့ပြီး အဲဒီကာလတွေမှာဆိုရင် အာဆီယံဒေသတွင်း ကုန်ထုတ်လုပ်မှုအမြင့်ဆုံး အခြေအနေအထိကို ရောက်ရှိခဲ့တဲ့ ကာလတွေကိုပါ ဖြတ်သန်းခဲ့ရတာဖြစ်ပေမဲ့ ရှမ်းမြောက်တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလကစတင်ပြီး ကုန်ထုတ်လုပ်မှု စတင်ကျဆင်းခဲ့သလို စစ်မှုထမ်းဥပဒေထွက်လာအပြီးမှာတော့ အခုလိုမျိုး ပိုမိုကျပ်တည်းတဲ့အခြေအနေကို ရောက်လာတာပါ။ ကုန်ထုတ်လုပ်မှုတွေ ကျဆင်းနေသလို တစ်ဖက်မှာလည်း ငွေကြေးဖောင်းပွမှုတွေ၊ တိုက်ပွဲတွေကြောင့် ပြည်ပသွင်းကုန်ကျဆင်းမှုတွေ၊ ဝါးတားဂိတ်နဲ့ ဆက်ကြေးတောင်းတာတွေ များလွန်းလို့ ကုန်စျေးနှုန်းအဆမတန်မြင့်တက်ပြီး ဒီလိုကျပ်တည်းမှုဒဏ်ကိုတော့ဖြင့် နောက်ဆုံးစားသုံးသူ ပြည်သူပဲ ခံရတာပါ။ ဒါပေမဲ့လည်း လက်ရှိအချိန် ကျပ်တည်းဆင်းရဲမှုက NUG နဲ့ PDF တွေ ကြုံးဝါးထားသလို အလုံးစုံပျက်သုဉ်းရေးအဆင့်မဟုတ်သေးဘဲ ၁၀ ရာခိုင်နှုန်းလောက်ပဲ ပျက်သုဉ်းသေးတာဖြစ်လို့ အကြမ်းဖက်မှုနဲ့ အလုံးစုံပျက်သုဉ်းရေးကို ကြိုလင့်နေသရွေ့တော့ အခုထက် ပိုကျပ်တည်းဆင်းရဲမှုကြုံရမှာကို ကြိုတင်ပြင်ဆင်တောင့်ခံဖို့နဲ့ ဆက်ပြီး ဒုက္ခမခံနိုင်ရင်တော့ အကြမ်းဖက်သမားတွေ အားမပေးဖို့ဘဲ ပြောစရာရှိပါတယ်လို့ တင်ပြရင်း ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက် ရပ်နားပါရစေ။