၂. ၄. ၂၀၂၄
Translated by Htwe Ko Tun
WCK ခေါ် စားနပ်ရိက္ခာထောက်ပံ့ရေး အဖွဲ့အစည်းက ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေးတို့၏လေကြောင်းတိုက်ခိုက်မှုများကြောင့် ၎င်းအဖွဲ့မှ အလုပ်သမား ခုနှစ်ဦးသေဆုံးခဲ့ရကြောင်းနှင့် သေဆုံးသူများတွင် ပါလက်စတိုင်းများအပြင် အမေရိကန်နှင့် ကနေဒါနှစ်နိုင်ငံသားခံယူထားသူတစ်ဦး၊ ဩစတြေးလျ၊ ဗြိတိန်နှင့် ပိုလန် နိုင်ငံသားများပါဝင်ကြောင်း ဧပြီလ ၂ ရက်တွင် ပြောကြားခဲ့သည်။
ဝန်ထမ်းများက WCK တံဆိပ်ပါ သံချပ်ကာ လက်နက်တပ်ယာဉ်နှစ်စီးနှင့် အမေရိကန်အခြေစိုက်လူသားချင်းကူညီရေးအဖွဲ့တစ်ဖွဲ့၏ အခြားကားတစ်စီးတို့ဖြင့် ခရီးသွားနေစဥ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ထို့အတွက် WCK အဖွဲ့က ဒေသအတွင်းအဖွဲ့၏လှုပ်ရှားဆောင်ရွက်မှုများကို ခေတ္တရပ်ဆိုင်းထားမည်ဖြစ်ကြောင်းလည်းပြောကြားခဲ့သည်။
WCK အဖွဲ့၏ အမှုဆောင်အကြီးအကဲ အီရင် ဂိုး က “ကျွန်တော်တို့အဖွဲ့ကိုတင်မကဘူး။ ဒီလိုပဲ ဒေသတွင်းမှာ လူသားချင်းစာနာမှု အကူအညီတွေပေးဖို့ဆောင်ရွက်နေတဲ့အဖွဲ့တွေကို တိုက်ခိုက်လာမှုက စားနပ်ရိက္ခာကို စစ်ပွဲရဲ့လက်နက်တစ်ခုအနေနဲ့ သုံးလာတာဖြစ်လို့ အင်မတန် စိုးရိမ်ရတဲ့အခြေအနေဖြစ်နေတယ်” ဟု ပြောခဲ့သည်။
အစ္စရေးစစ်ဘက်ကမူ ဤကဲ့သို့ဝမ်းနည်းဖွယ်အခြေအနေတစ်ရပ်ဖြစ်ခဲ့ရမှုအတွက် ပြည့်စုံသောသုံးသပ်မှု တစ်ရပ်ကို ပြုလုပ်လျက်ရှိကြောင်း၊ အစ္စရေးလုံခြုံရေးတပ်ဖွဲ့များအနေနှင့် လူသားချင်းစာနာမှုအထောက်အပံ့များ လုံခြုံစွာဖြန့်ဝေပို့ဆောင်နိုင်ရေးအတွက် ကျယ်ပြန့်သောအားထုတ်မှုများပြုလုပ်လျက်ရှိကြောင်း၊ ဂါဇာဒေသပြည်သူများအတွက် အစားအစာနှင့် လိုအပ်သော လူသားချင်းစာနာမှုအကူအညီများဖြန့်ဝေပေးနေရာတွင် WCK ၏ လုပ်ဆောင်မှုများ၌ အနီးကပ်ပူးပေါင်းဆောင်ရွက်နေကြောင်း ပြောခဲ့သည်။
Ref- CNA