၂. ၄. ၂၀၂၄
Written by Pan Ei
ခန္ဓာကိုယ်အနေအထားမှန်မှန်နဲ့ Plank ထောက်ပြီး လေ့ကျင့်ခန်းလုပ်တာဟာ ခန္ဓာကိုယ်အတွက် အကျိုးကျေးဇူးများစွာ ရရှိစေနိုင်ပြီး အချိန်ကြာကြာထောက်နိုင်ဖို့ဆိုတာကတော့ တော်တော်လေးကို မလွယ်ကူနိုင်တဲ့ လေ့ကျင့်ခန်းတစ်ခုဖြစ်ပါတယ်။
ဒါပေမဲ့ ကနေဒါက မြေး ၁၂ ယောက်ရဲ့ အဖွားဖြစ်သူ အသက် ၅၈ နှစ်အရွယ် Donna Jean Wilde ဆိုသူကတော့ Plank ထောက်ခြင်း အားကစားကို ၄ နာရီခွဲကျော်ကြာ ပြုလုပ်နိုင်ခဲ့ပြီး အချိန်အကြာဆုံး Plank ထောက်နိုင်တဲ့ အမျိုးသမီးအဖြစ် ကမ္ဘာ့စံချိန်ကို ချိုးဖျက်ခဲ့ပါတယ်။
DonnaJean Wilde ဟာ ပြီးခဲ့တဲ့ သီတင်းပတ်က သူမ ကျောင်းအုပ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ Magrath မြို့မူလတန်းကျောင်းက ပြဇာတ်ရုံမှာ ဂင်းနစ်ကမ္ဘာစံချိန်တင်ဖို့ ကြိုးပမ်းခဲ့တာဖြစ်ပြီး စုစုပေါင်း ၄ နာရီ မိနစ် ၃၀ နဲ့ ၁၁ စက္ကန့်ကြာ Plank ထောက်နိုင်ခဲ့တာပါ။
သူမဟာ လွန်ခဲ့တဲ့ ၁၂ နှစ်လောက်က လက်ကောက်ဝတ် ကျိုးခဲ့ပြီးနောက် ကျောက်ပတ်တီးစည်းထားတုန်း ပြေးတာတို့ အလေးမတာတို့ မလုပ်နိုင်ခဲ့တာကြောင့် Plank ထောက်တာကို သူမရဲ့ နေ့စဉ် လုပ်နေကျလေ့ကျင့်ခန်းတွေထဲ ထည့်သွင်းခဲ့တယ်လို့ ဆိုပါတယ်။ သူမဟာ Plank ထောက်ပြီး စာတွေဖတ်နိုင်၊ ရုပ်ရှင်တွေလည်း ကြည့်နိုင်တယ်ဆိုတာ သဘောပေါက်သွားခဲ့ပြီးနောက် Plank ထောက်ရင်း စာလေ့လာကာ မဟာဘွဲ့ကိုလည်း အရယူနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ပုံမှန်အနေနဲ့ သူမဟာ Plank ထောက်တာကို တစ်နေ့ ၃ နာရီလောက် ပြုလုပ်လေ့ရှိပြီး ဂင်းနစ်စံချိန်တင်ဖို့အတွက် ကြိုးပမ်းဖို့ ဆုံးဖြတ်ပြီးနောက်တော့ ၃ နာရီစီ နှစ်ကြိမ်နဲ့ တစ်နေ့ကို ၆ နာရီလောက် Plank ထောက်ခဲ့တယ်လို့ ဆိုပါတယ်။
သူမ စံချိန်တင်ဖို့ ကြိုးပမ်းမှုအတွင်း ပထမ နှစ်နာရီက အခက်အခဲမရှိခဲ့ပေမဲ့ နောက်ဆုံးနာရီမှာ အထူးခက်ခဲခဲ့ပြီး သူမဟာ ကျောင်းသားပရိသတ်တွေနဲ့ မြေးတွေဆီက အားပေးမှုနဲ့ ကျော်ဖြတ်ခဲ့တယ်လို့ ပြောပါတယ်။
Wilde ရဲ့အခု စံချိန်ဟာ ၂၀၁၉ ခုနှစ်က ကနေဒါနိုင်ငံသူ Dana Glowacka တင်ခဲ့တဲ့ စံချိန်ထက် ၁၀ မိနစ် ပိုကြာခဲ့ကာ စံချိန်ချိုးနိုင်ခဲ့တာဖြစ်ပြီး အမျိုးသားတွေရဲ့ လက်ရှိစံချိန်ကတော့ ၉ နာရီ ၃၈ မိနစ် ၄၇ စက္ကန့်ဖြစ်ကာ ချက်ချီးယားနိုင်ငံက Josef Šálek ဆိုသူ မနှစ်က စံချိန်တင်ထားနိုင်ခဲ့တာဖြစ်ပါတယ်။
Ref; Guinness World Record