၂. ၄. ၂၀၂၄
Translated by Htwe Ko Tun
အစ္စရေးစစ်တပ်က ဆီးရီးယားနိုင်ငံ၊ ဒမတ်စကပ်မြို့ရှိ အီရန်နိုင်ငံသံရုံးဝင်းကို ဧပြီလ ၁ ရက်မှာ လေကြောင်းကဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့လို့ အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့က တပ်မှူးသုံးဦးအပါအဝင် စစ်ဘက်အကြံပေးခုနှစ်ဦးသေဆုံးခဲ့တယ်လို့ AFP သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
တိုက်ခိုက်ချိန်က ဆီးရီးယားနိုင်ငံဆိုင်ရာ အီရန်သံအမတ် ဟော့စိန် အက်ဘာရီ သံရုံးဝင်းအတွင်းရှိမနေခဲ့ကြောင်းနဲ့ သံရုံးအဆောက်အအုံမှာလည်း အစ္စရေးဒုံးကျည်တွေထိမှန်မှုကြောင့် ပျက်စီးခဲ့ရကာ အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ရဲ့ ပြည်ပသူလျှိုလုပ်ငန်းနဲ့ အပျော်တန်းတပ်ဖွဲ့ခွဲဖြစ်တဲ့ The Quds Force ရဲ့တပ်မှူးဗိုလ်မှူးချုပ် မိုဟာမက် ရီဇာ ဇာဟီးဒီ အပါအဝင် အီရန်စစ်ဘက်အကြံပေး အနည်းဆုံး ခုနစ်ဦးသေဆုံးခဲ့ရတယ်လို့ အီရန်နိုင်ငံပိုင် ရုပ်မြင်သံကြားမှာလည်း ပြသသွားခဲ့ပါတယ်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုက ဟားမားစ်တို့ကိုဆန့်ကျင်လျက် တင်းမာမှုတွေမြင့်တက်နေချိန်မှာ ဖြစ်ခဲ့တာဖြစ်လို့ အစ္စရေးနဲ့ အီရန်ရဲ့မဟာမိတ် စစ်သွေးကြွအုပ်စုတွေအကြား တင်းမာမှုတွေလည်းပိုလို့တိုး လာဖွယ်ရှိနေပါတယ်။
ဒမတ်စကပ်မြို့ရဲ့ မာဇီခရိုင်အတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် ပြိုလဲနေတဲ့ သံရုံးအဆောက်အအုံ အပျက်အစီးတွေအောက်မှာ ပိတ်မိနေဖွယ်ရှိနေသူတွေကို အရေးပေါ်ကယ်ဆယ်ရေးတပ်ဖွဲ့တွေက အမြန်ရှာဖွေနေကြပါတယ်။
ဆီးရီးယားကာကွယ်ရေးဝန်ကြီးဌာနကတော့ လေကြောင်းတိုက်ခိုက်မှုကြောင့် သံရုံးအဆောက်အအုံ တစ်ခုလုံးပြိုကျခဲ့ရကာ အထဲမှာရှိနေသူတွေအားလုံး သေကြေထိခိုက်မှုတွေဖြစ်ခဲ့ရပြီး အပျက်အစီးတွေ အောက်မှာ သေဆုံးနေတဲ့အလောင်းတွေနဲ့ အသက်ရှင်ကျန်ရစ်သူတွေကို ရှာဖွေနေတယ်လို့ ပြောခဲ့ပါတယ်။
အခုတစ်ကြိမ်တိုက်ခိုက်မှုက အီရန်ရဲ့ထောက်ပံ့မှုကိုရယူနေတဲ့ ဆီးရီးယားနိုင်ငံကို ရှစ်ရက်အတွင်း ငါးကြိမ်မြောက် လေကြောင်းတိုက်ခိုက်မှုလည်းဖြစ်ခဲ့ပါတယ်။ အစ္စရေးရဲ့ အဆိုပါလေကြောင်းတိုက်ခိုက်မှုတွေအတွင်း ဆီးရီးယားစစ်သား ၃၈ ဦးနဲ့ ဟစ်ဇ်ဘိုလာစစ်သွေးကြွ ခုနှစ်ဦးအပါအဝင် စုစုပေါင်းလူ ၅၃ ဦးသေကြေခဲ့ရတယ်လို့ သိရပါတယ်။
Ref-AFP, CNBC