၂. ၄. ၂၀၂၄
Written by Shwe Phyo
EV အားသွင်းတဲ့အခြေခံအဆောက်အအုံတွေ တွင်ကျယ်များပြားမှုမရှိသေးတဲ့ကမ္ဘာမှာ EV ကားနဲ့ ကမ္ဘာပတ်ဖို့ဆိုတာ မဖြစ်နိုင်ပေမဲ့လည်း အမေရိကန်နိုင်ငံသားတစ်ဦးဖြစ်သလို YouTuber တစ်ဦးဖြစ်တဲ့ အမျိုးသမီးတစ်ဦးဟာ EV ကား သို့မဟုတ် လျှပ်စစ်ကားစီးတဲ့ လူတွေထဲမှာ ကမ္ဘာတစ်ပတ် ပတ်နိုင်တဲ့ ပထမဆုံးလူသားအဖြစ် ကမ္ဘာ့စံချိန်အသစ်တစ်ခုကို တင်နိုင်ခဲ့တယ်လို့ PRNewswire သတင်းဌာနမှာဖော်ပြထားပါတယ်။
အမေရိကန်နိုင်ငံသားအမျိုးသမီးတစ်ဦးဖြစ်တဲ့လက်ဇီအဲလ်ဖို့ဒ် ဆိုသူဟာ ယခင်ကလည်း ဂင်းနစ်စံချိန်နှစ်ခု ပိုင်ဆိုင်ထားပြီး ခရီးသွားလာရမှုတွေကို စိတ်ဝင်စားနှစ်သက်သူတစ်ဦးဖြစ်တယ်လို့ ဆိုပါတယ်။ လက်ဇီအဲလ်ဖို့ဒ်ဟာ Ford Explorer အမည်ရှိ EV ကား ကုမ္ပဏီက အသစ်ထုတ်လုပ်ထားတဲ့ ကားကိုမောင်းနှင်ပြီး ကမ္ဘာတဝှမ်းရှိ တိုက်ကြီး ၆ တိုက်၊ နိုင်ငံပေါင်း ၂၇ နိုင်ငံကို ဖြတ်သန်းမောင်းနှင်ခဲ့တာဖြစ်ပါတယ်။ ၎င်းဟာ EV ကားကိုမောင်းနှင်ပြီး ကမ္ဘာတဝှမ်းရှိနိုင်ငံပေါင်း ၂၇ နိုင်ငံကို သွားရောက်ခဲ့ရာမှာ ၃၀၀၀၀ ကျော်ကီလိုမီတာကို သွားရောက်ခဲ့တာလည်းဖြစ်ပါတယ်။ လက်ဇီအဲလ်ဖို့ဒ် ဟာ EV ကားကိုမောင်းနှင်ပြီး ကမ္ဘာတဝှမ်းကို တစ်ပတ်ပတ်တဲ့အစီစဉ်ကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်မှာ စတင်ခဲ့ပြီး ၂၀၂၄ ခုနှစ်၊ မတ်လ ၂၆ ရက်မှာ ခရီးစဉ်အဆုံးသတ်ခဲ့တယ်လို့ ဆိုပါတယ်။
၎င်းက ” ကျွန်မဟာ ဒီခရီးစဉ်ကို စွန့်စားသွားလာခဲ့ရာမှာ ကမ္ဘာတဝှမ်းက မယုံကြည်နိုင်စရာကောင်းတဲ့ လူတွေကို တွေ့ဆုံတယ်။ နိုင်ငံပေါင်း ၂၇ နိုင်ငံကို ဖြတ်သန်းခဲ့ရပြီး စိတ်ဝင်စားဖွယ်ကောင်းတဲ့ အတွေ့အကြုံတွေ ရခဲ့တယ်။ ဒါပေမယ့် ဒီခရီးဟာ ထူးခြားတဲ့ စိန်ခေါ်မှုတွေရှိတဲ့ခရီးစဉ်တစ်ခုပါ”လို့ ပြောပါတယ်။
လက်ဇီအဲလ်ဖို့ဒ် ရဲ့ EV ကားကိုမောင်းနှင်ပြီး ကမ္ဘာတစ်ပတ် ပတ်တဲ့ခရီးစဉ်ဟာ အချိန်အားဖြင့် ၆ လကျော်ကြာမြင့်ခဲ့ပြီး ပြင်သစ်နိုင်ငံ၊ နိစ်မြို့မှာ အဆုံးသတ်နိုင်ခဲ့တာဖြစ်ပါတယ်။ အသက် ၂၅ နှစ်အရွယ်ရှိ YouTuber အမျိုးသမီးဟာ EV ကားနဲ့ နိုင်ငံပေါင်း ၂၇ နိုင်ငံကို ဖြတ်သန်းမောင်းနှင်ရာမှာ ဓာတ်အားပြတ်တောက်မှု မကြာခဏ ကြုံရတတ်တဲ့ အာဖရိကတိုက်၊ လျှပ်စစ်ကားအားသွင်းရာ အခြေခံအဆောက်အအုံမရှိတဲ့ ချီလီနိုင်ငံ၊ အက်တာကာမာသဲကန္တာရ၊ လမ်းမပေါက်တဲ့ နေရာတွေ၊ တောင်ကြားလမ်းတွေ၊ အလွန်အေးစက်တဲ့ နေရာတွေ ဖြတ်သန်းမောင်းနှင်ခဲ့ရပြီး ခက်ခဲတဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ခဲ့ရပါတယ်။
လက်ဇီအဲလ်ဖို့ဒ်ဟာ စွန့်စားသွားလာရခြင်းကို နှစ်သက်သူတစ်ဦးဖြစ်ကာ အသက် ၁၂ နှစ်သမီးအရွယ်ကတည်းက ကမ္ဘာတဝှမ်းခရီးသွားလာဖို့ စိတ်ကူးရှိခဲ့သူဖြစ်ပါတယ်။ လက်ဇီအဲလ်ဖို့ဒ်ဟာ အရင်တုန်းကလည်း ကမ္ဘာတဝှမ်းရှိ အချုပ်အခြာအာဏာပိုင် နိုင်ငံအားလုံးကို လှည့်လည်သွားလာဖူးတဲ့ အသက်အငယ်ဆုံးပုဂ္ဂိုလ် ဆိုတဲ့စံချိန်အပြင် အချုပ်အခြာအာဏာပိုင် နိုင်ငံအားလုံးကို လှည့်လည်သွားလာဖူးတဲ့ အသက်အငယ်ဆုံး အမျိုးသမီးအဖြစ် ဂင်းနက်စ်စံချိန် တင်ထားနိုင်ခဲ့သူဖြစ်ပါတယ်။
Ref; prnewswire