၂၈. ၃. ၂၀၂၄
Written by Phyo Wei
ချင်းလက်နက်ကိုင်တွေရဲ့ မူးယစ်ဆေးဖြန့်ချိမှုတွေ၊ လက်နက်မှောင်ခိုကုန်ကူးမှုတွေ၊ ဒုက္ခသည်ဝင်ရောက်မှုများတာနဲ့ AA လက်နက်ကိုင်တွေက ချင်းပြည်နယ် ပလက်၀မှာ ဒေသခံချင်းတွေနဲ့ တိုက်ပွဲဆင် နယ်မြေလုနေတာကြောင့် နိုင်ငံ့လုံခြုံရေးအတွက် အိန္ဒိယက မြန်မာနဲ့နယ်စပ်ကို ဒေါ်လာ ၃ ဒသမ ၇ ဘီလျံနီးပါးအကုန်အကျခံ ခြံစည်းရိုးခတ်မဲ့ ရက်သတ္တပတ်မှာပဲ AA လက်နက်ကိုင်အဖွဲ့ရဲ့ မူးယစ်ဆေးဖြန့်ချိမှုက ၉ ကြိမ်ဖမ်းမိရာမှာ ကျပ် ဘီလျံ ၃၀၀ နီးပါးရှိတယ်လို့ ပြောလာတဲ့ဖြစ်စဉ်တွေ့ရပါတယ်။
ဒါ့အပြင် တပ်မတော်နေ့မှာလည်း တပ်မတော်အခမ်းအနားကျင်းပနေတဲ့ နေပြည်တော်က ဘေးမသီရန်မခပေမဲ့ ရန်ကုန်မြို့လယ်မှာတော့ PDF တွေဗုံးခွဲကြလို့ ပလုံကောက် ကလေးငယ် ၅ ဦး ဗုံးစထိမှန်တဲ့ဖြစ်စဉ်တွေ၊ ထိုင်းနိုင်ငံက ဖမ်းဆီးထိန်းသိမ်းထားတဲ့ ကလေးငယ် ၁၉ ဦးကို မြန်မာနိုင်ငံဘက် ပြန်မပို့ဘူးဆိုတာတွေ၊ NLD နဲ့ NUCC တို့ရဲ့ စစ်မှုထမ်းဥပဒေဆန့်ကျင်ရေး လူထုလှုပ်ရှားမှုက ၁၇ ရက်အတွင်း လက်မှတ်ထိုးသူ ၁၅၁၀၀ တောင် မပြည့်တဲ့အခြေအနေတွေ ရှိပေမဲ့ ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက်အဖြစ်တော့ CRPH၊ NUG၊ PDF တို့ရဲ့ အဆိုးရွားဆုံးလုပ်ရပ်ဟာ နိုင်ငံ့ဝန်ထမ်းတွေ၊ ဆရာ၊ ဆရာမတွေနဲ့ ပညာရေးဆိုင်ရာဝန်ထမ်းတွေကို ခြိမ်းခြောက်အကျပ်ကိုင်တာ၊ လုပ်ကြံသတ်ဖြတ်တာနဲ့ လူသားတံတိုင်းအဖြစ် ဖမ်းဆီး ခေါ်ဆောင်တာလို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ပြောကြားတဲ့ သတင်းတွေ၊ တိုင်းရင်းသားလက်နက်ကိုင်တွေက လူမျိုးရေးမုန်းတီးမှုလုပ်ဆောင်နေတဲ့အပြင် မူးယစ်ဆေးပါဖြန့်ချိနေတယ်ဆိုတာတွေနဲ့ ရွေးကောက်ပွဲကို အပိုင်းလိုက်လုပ်မယ်ဆိုတဲ့အကြောင်းတွေကို တင်ပြချင်ပါတယ်။
◾ တော်လှန်သူတွေကျုးလွန်တဲ့အဆိုးဆုံးလုပ်ရပ်
“တပ်မတော်ဟာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ဖွဲ့စည်းပုံအခြေခံဥပဒေပါ အရေးပေါ်ကာလပြဋ္ဌာန်းချက်များနှင့်အညီ နိုင်ငံတော်ရဲ့တာဝန်ကို ထိန်းသိမ်းခဲ့ခြင်းဖြစ်ပေမယ့်လည်း ဒီလို ထိန်းသိမ်းဆောင်ရွက်မှုနဲ့ပတ်သက်ပြီး နိုင်ငံရေးအသုံးချမှုများစွာနဲ့ ကြုံတွေ့ခဲ့ရတယ်။ အဲဒီအချိန်က ရွေးချယ်ခံကိုယ်စားလှယ်တွေကို လက်ရှိနိုင်ငံရေးဖြစ်စဉ်နဲ့ပတ်သက်ပြီး တရားဥပဒေနှင့်အညီ ဖြေရှင်းနိုင်စေဖို့အတွက် နေရပ်ဒေသအသီးသီးသို့ ပြန်လည်စေလွှတ်ပေးခဲ့တယ်။ ဒါပေမယ့် ရွေးကောက်ခံကိုယ်စားလှယ်များအဖြစ် ရပ်တည်ခွင့် မရှိတော့တဲ့သူတွေက ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ “ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)” အမည်နဲ့ တရားမဝင်ကော်မတီကို ဖွဲ့စည်းခဲ့တဲ့အပြင် အဲဒီနှစ်၊ ဧပြီလ ၁၆ ရက် နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ (National Unity Government -NUG) အမည်နဲ့ တရားမဝင်အစိုးရတစ်ရပ်ကို ဖွဲ့စည်းခဲ့ကြတယ်။ အဲဒီနောက်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (People Defence Force-PDF)ကို ဖွဲ့စည်းပြီး ၎င်းတို့ကို ထောက်ခံအားပေးသူတွေကို လက်နက်ကိုင်ဆူပူအုံကြွမှုများ လုပ်ဆောင်ဖို့ တွန်းအားပေး ဆောင်ရွက်လာခဲ့ကြတယ်။ လွှတ်တော်အသီးသီးရဲ့ ကိုယ်စားလှယ်တွေဟာ ဥပဒေပြုရေးကို အလေးထားဆောင်ရွက်ရတာဖြစ်လို့ တရားဥပဒေလေးစားလိုက်နာရေး၊ သိရှိနားလည်ရေးမှာ သူများထက် ပိုလိုအပ်တယ်။ သူတို့အနေနဲ့ တရားဥပဒေနဲ့အညီ ရင်ဆိုင်ဖြေရှင်း ဆောင်ရွက်ဖို့မလုပ်ဘဲ အကြမ်းဖက်လမ်းစဉ်ကို ရွေးချယ်ခြင်းဟာ သူတို့ရဲ့ ဒီမိုကရေစီအပေါ်မှာ ဘယ်လိုလုပ် ယုံကြည်မှုရှိရမလဲဆိုတာ စဉ်းစားဖို့လိုတယ်။ အဲဒီအချိန်ကစပြီး မြန်မာနိုင်ငံအနှံ့အပြားမှာ မိုင်းထောင်ဖောက်ခွဲမှု၊ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးမှု၊ ပစ္စည်း လုယက်မှု၊ အတင်းအကျပ် ဆက်ကြေးတောင်းခံမှု၊ လုံခြုံရေးစခန်းတွေကို တိုက်ခိုက်မှုတွေသာမကဘဲ ၎င်းတို့နဲ့ အမြင်မတူသူများကို ဒလန်လို့စွပ်စွဲသတ်ဖြတ်မှု စတဲ့အကြမ်းဖက်လုပ်ရပ်တွေ မကြာခဏ ဖြစ်ပွားလာခဲ့တယ်။ အဆိုးရွားဆုံးကတော့ နိုင်ငံ့တာဝန်ထမ်းဆောင်နေတဲ့ အရပ်ဘက်ဝန်ထမ်းများ၊ အထူးသဖြင့် ဆရာ၊ ဆရာမများနဲ့ ပညာရေးဆိုင်ရာဝန်ထမ်းများကို ခြိမ်းခြောက်အကျပ်ကိုင်ခြင်း၊ အကြောင်းမဲ့ လုပ်ကြံသတ်ဖြတ်ခြင်း၊ လူသားတံတိုင်းအဖြစ် ဖမ်းဆီး ခေါ်ဆောင်ခြင်းတွေ လုပ်ဆောင်နေတာပဲဖြစ်တယ်” လို့ တပ်ချုပ်က ပြောခဲ့ပါတယ်။
ဒီလိုမျိုး ဆရာ၊ ဆရာမတွေ ဖမ်းဆီးသတ်ဖြတ်တဲ့ဖြစ်ရပ်ဟာလည်း NUG အဖို့ မငြင်းနိုင်တဲ့ စစ်ရာဇဝတ်မှုတွေပါ။ PDF အဖို့လည်း သူတို့ ဆန္ဒပြချိန် လေးဂွတွေ၊ ဂျင်ကလိတွေ၊ ခဲယမ်းတွေ၊ တုတ်တွေနဲ့ မျက်နှာချင်းဆိုင် တိုက်ခိုက်ဆန္ဒပြချိန်မှာ ပစ်ခတ်မှုကိုကြတော့ မတရားမှုလို့ တံဆိပ်ကပ်ခဲ့ပြီး သူတို့ လက်နက်ကိုင်ချိန်ကြမှ လက်နက်မဲ့ ဆရာ၊ ဆရာမတွေ၊ အမျိုးသမီးတွေ၊ ကလေးငယ်တွေကို နောက်ကနေ အလစ်အငိုက်မှာ ချောင်းမြောင်းလုပ်ကြံသတ်ဖြတ်တဲ့ မတရားမှုတွေကို ကျုးလွန်ထားပြီး ဒီလိုကျုးလွန်မှုကလည်း SAC စာရင်းအရ လူ ၇၀၀၀ ကျော်၊ ဒူဝါလရှီးလ စကားအရ လူ ၃၀၀၀၀ ကျော် ရှိနေတာပါ။ ဒါ့အပြင် ကယ်ထုတ်တယ်အမည်တပ်ပြီး လွိုင်ကော်တက္ကသိုလ်ကို စီးနင်းသတ်ဖြတ်လူရာချီဖမ်းဆီးပြီး ပါမောက္ခချုပ်ကိုထောင်ချ၊ တပ်မတော်သားမိသားစုဝင်တွေကို ဘာလုပ်ပစ်လိုက်တယ် မပြောတော့တာ၊ ကလေးတက္ကသိုလ်က ပါမောက္ခချုပ်နဲ့ နိုင်ငံ့ဝန်ထမ်း ၁၃၀ ကျော်ကို ကလေး PDF တွေ ဖမ်းဆီးပြီး လက်စဖျောက်ထားတာ၊ ထားဝယ်နည်းပညာတက္ကသိုလ်က နိုင်ငံရေးနဲ့ မသက်ဆိုင်တဲ့ ကျောင်းအုပ်ကြီးနဲ့ ပါမောက္ခတွေကို ထားဝယ် PDF တွေ ဖမ်းဆီးတာ ဒီလိုမျိုးလုပ်ရပ်တွေက စစ်ရာဇဝတ်မှုတွေပါပဲ။ သူတို့လုပ်ရပ်တွေကြောင့် တက္ကသိုလ်တွေပိတ်ထားရလို့ လူငယ်တွေနစ်နာရတာပါပဲ။ ဒီလိုမျိုး လုပ်ရပ်တွေကြောင့်လည်း အမေရိကန်နိုင်ငံကိုယ်တိုင်က NUG နဲ့ လက်နက်ကိုင်တွေကို NDAA မှာ မထောက်ပံ့ရဲတဲ့အဆင့်ရောက်လာသလို NUG ကိုယ်တိုင်ကလည်း သူ့ကို တရားဝင်အစိုးရအဖြစ် သတ်မှတ်ပေးဖို့ ဘယ်နိုင်ငံကိုမှ မတောင်းဆိုရဲတော့ဘဲ NUG ဝန်ကြီးတွေကိုယ်တိုင်လည်း ခိုလှုံခွင့်တွေ ပတ်တောင်းပြီး တခြားနိုင်ငံမှာ ပြည်သူ့ပိုက်ဆံနဲ့ နေနိုင်ရေးကြိုးစားတာချည်းဖြစ်လာခဲ့တာပါ။
◾ မူးယစ်ဆေးဖြန့်တဲ့အပြင် လူမျိုးရေးမုန်းတီးမှုပါလုပ်ဆောင်လာတဲ့ EAOs
“တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအချို့နဲ့ အကြမ်းဖက် အဖွဲ့အစည်းများဟာ လက်နက်ဖြင့်အကြောက်တရားကိုဖန်တီးပြီး လူသစ်စုဆောင်းမှုတွေကို အရှိန်မြှင့်လုပ်ဆောင်လျက်ရှိတဲ့အပြင် လူမျိုးရေးမုန်းတီးမှုကို ရှေ့တန်းတင်လှုံ့ဆော်လျက်ရှိတာကိုလည်း တွေ့ရတယ်။ လူမျိုးစုများစွာရှိတဲ့တို့နိုင်ငံမှာ လူမျိုးကိုအခြေခံပြီး လက်နက်ကိုင်အဖွဲ့များဖွဲ့စည်းခြင်းနဲ့ လက်နက်ကိုင်လှုပ်ရှားမှုများ လုပ်ဆောင်ခြင်းတွေဟာ ငြိမ်းချမ်းရေးနဲ့အလှမ်းဝေးစေပြီး တိုင်းပြည် စည်းလုံးညီညွတ်မှုကို ထိခိုက်ပျက်စီးစေလျက်ရှိတယ်။ ဒီလို အခြေအနေမျိုးမှာ လူငယ်အချို့ဟာလည်း ပြည်ဖျက်မီဒီယာအချို့ရဲ့ အပျက်သဘောဆောင်တဲ့ သွေးထိုးလှုံ့ဆော်မှုတွေကို နားယောင်ပြီး သောင်းကျန်းသူများရဲ့ အသုံးချခံဖြစ်နေတာကို စိတ်မကောင်းဖွယ်ရာ မြင်တွေ့ရလျက်ရှိတယ်။ တိုင်းရင်းသားလက်နက်ကိုင်အကြမ်းဖက်သမားများဟာ သူတို့အင်အားတည်ဆောက်နိုင်ရေးအတွက် ဝေးလံခေါင်ပါးပြီး အသွားအလာခက်ခဲတဲ့နေရာမှာအခြေခံပြီး ဘိန်း၊ ဘိန်းဖြူနဲ့ မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းဝယ်မှုများကရရှိတဲ့ ဝင်ငွေ၊ တရားမဝင်လမ်းကြောင်းက နိုင်ငံတော်သယံဇာတများ ခိုးထုတ် ရောင်းချမှုကရတဲ့ဝင်ငွေ၊ တရားမဝင်နည်းပေါင်းစုံသော လောင်းကစားဝိုင်းများက ရတဲ့ဝင်ငွေနဲ့ လက်နက်ခဲယမ်းများ ဝယ်ယူတာ၊ ထုတ်လုပ်တာ၊ လူအင်အားစုဆောင်းတိုးချဲ့တာများ ပြုလုပ်ကြတယ်။ အဲဒီကတစ်ဆင့် တိုင်းရင်းသားရေး အကြောင်းအမျိုးမျိုးပြ လက်နက်စွဲကိုင်ပြီး နိုင်ငံတော်ကို ဆန့်ကျင်မှုပြုလုပ်နေတာ သူတို့ရဲ့ ခေတ်အဆက်ဆက် လုပ်ဆောင်ချက်များက သက်သေပြနေတယ်။ အဓိက ကတော့ မူးယစ်ဆေးဝါးထုတ်လုပ်ရောင်းချခြင်းနဲ့ သယံဇာတ ခိုးထုတ်တဲ့လုပ်ငန်းကိုအခြေခံပြီး စခဲ့တာဖြစ်တဲ့အတွက် အန္တရာယ်ကြီးတဲ့အဖွဲ့အစည်းလို့ ပြောရမယ်”လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။
MNDAA ဟာ လက်ရှိသူချုပ်ကိုင်ထားတဲ့နယ်မြေရဖို့အတွက် တရုတ်ထောက်ခံမှုအပြင် NUG ရဲ့ မန္တလေး PDF၊ ဗိုလ်နဂါးရဲ့ BNRA၊ မောင်ဆောင်းခရဲ့ BPLA တို့ အဝတ်အစားလဲ ဝင်တိုက်ပေးခဲ့ရတာပါ။ သူနိုင်သွားတဲ့အချိန်မှာ PDF တွေ လက်နက်နဲ့ ဝင်ဖို့မပြောနဲ့ သူမှီခိုရတဲ့ UWSA က တပ်သားတွေကိုတောင် ပါးရိုက်လွှတ်သလို SSPP ကိုလည်း စစ်ပြုနေပါတယ်။ လက်ရှိလည်း ဗမာတန်းကို ဖျက်ပြီး နှင်ထုတ်နေတာ၊ TNLA ကလည်း ဗမာဆိုအဝင်မခံတာ၊ AA ကလည်း ဘင်္ဂါလီတွေကို ကျွန်လိုဆက်ဆံ လူကုန်ကူးနေတာတွေ လုပ်နေတဲ့အပြင် တခြားသော တိုင်းရင်းသားလက်နက်ကိုင်အားလုံးကလည်း ဗမာမုန်းတီးရေးအရမ်းကို အပြင်းအထန်လှုံ့ဆော်ကြတာပါ။ ဒီလိုမျိုး ဗမာမုန်းတီးရေး အပြင်းအထန်လှုံ့ဆော်တဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ နယ်မြေရ၊ စစ်ဘုရင်ဝါဒ ခေါင်းထောင်လာတာက ကွန်ဖက်ဒရိတ်အဆင့်ထက်ပိုတဲ့ နိုင်ငံအစိပ်စိပ်အမြွှာမြွှာကွဲထွက်ဖို့လမ်းစပေါ် ရောက်နေတာပါပဲ။ နောက်တစ်ချက်မှာ ဒီတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တိုင်းလိုလိုက မူးယစ်ဆေးတွေနဲ့ လက်နက်ကိုင်တပ်တွေထူထောင်နေတယ်ဆိုတာကို အမေရိကန် DEA တို့ UNODC တို့ကိုယ်တိုင် ထုတ်ပြန်ထားခံရသူတွေပါ။ နိုင်ငံရေးအချိုးအကွေ့တစ်ခုမှာ မူးယစ်ရာဇာတွေကို သူကောင်းပြုပေမဲ့ သူတို့ဘယ်အထိ မူးယစ်ဆေးဒဏ်ခံနိုင်မလဲဆိုတာတော့ စောင့်ကြည့်ရပါမယ်။
◾ အပိုင်းလိုက်လုပ်မဲ့ ရွေးကောက်ပွဲ
“ကျွန်တော်တို့ရဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတက်လာခြင်းဟာ မဲမသမာမှုကြောင့်ဖြစ်လာတဲ့ အကျိုးဆက်တစ်ခုဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့က ဒီရွေးကောက်ပွဲပေါ့လေ၊ ရွေးကောက်ပွဲ မဲမသမာမှုကနေဖြစ်လာတဲ့ အကျိုးဆက်တစ်ခုဖြစ်ပါတယ်၊ ဒါ့ကြောင့် ကျွန်တော်တို့က လွတ်လပ်ပြီးတရားမျှတမှုရှိတဲ့ ရွေးကောက်ပွဲတစ်ခု ပြန်လည်ကျင်းပရေးကတော့ ကျွန်တော်တို့ရဲ့နောက်ဆုံးရည်မှန်းချက်ဖြစ်ပါတယ်။ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်တွေ ပြီးသွားပြီဆိုတာနဲ့ ရွေးကောက်ပွဲ ကျွန်တော်တို့ ပြန်လုပ်မှာဖြစ်ပါတယ်။အဲဒီတော့ ကျွန်တော်တို့က ဒီအရေးပေါ်ကာလတွေပြီးလို့ရှိရင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကို ကျွန်တော်တို့က အာဏာပြန်လွှဲမယ်။ ပြန်လွှဲပြီးတော့ အဲဒီရဲ့ဦးဆောင်မှုနဲ့ (၆) လအတွင်းမှာ ကျွန်တော်တို့ရွေးကောက်ပွဲ ပြန်လုပ်ရမှာဖြစ်ပါတယ်။ အဲဒီတော့ ဒီရွေးကောက်ပွဲလုပ်နိုင်ဖို့ဆိုရင် မဲစာရင်းတွေ မှားယွင်းမှုကြောင့် ဖြစ်လာတဲ့အတွက်ကြောင့် မဲစာရင်းမှန်ကန်ရေးကိုလည်း ကျွန်တော်တို့က အဓိကထားလုပ်ရမှာ။ မဲစာရင်းမှန်ကန်ရေးကလည်း ဒီနှစ်ထဲမှာ အတတ်နိုင်ဆုံး ကျွန်တော်တို့လုပ်ပါမယ်။ ပြည့်စုံပြီးလို့ရှိရင် တိုင်းပြည်တည်ငြိမ်မှုကောင်းပြီဆိုတာနဲ့ လုပ်နိုင်တဲ့အပိုင်းလိုက်ပေါ့။ တစ်ပြိုင်နက်တည်း မဟုတ်တောင်မှ လုပ်နိုင်တဲ့အပိုင်းလိုက်ကို ဥပဒေနှင့်အညီ ကျွန်တော်တို့ရွေးကောက်ပွဲ ပြန်လည်ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်သွားဖို့ရှိပါတယ်ဆိုတာ ကျွန်တော်ပြောလိုတယ်” လို့ SAC ဥက္ကဋ္ဌက ပြောပါတယ်။
မြန်မာနိုင်ငံမှာ ဖဆပလခေတ်က ရွေးကောက်ပွဲလုပ်ရာမှာ ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပုဒ်မ ၂၃၃ မှာ “ဤအခြေခံဥပဒေအရ ကျင်းပသော ပထမအမတ် ရွေးကောက်ပွဲကို ဤအခြေခံဥပဒေ အာဏာတည်သည့်နေ့မှစ၍ ၁၈ လအတွင်း ကျင်းပရမည်”လို့ ဖော်ပြပါရှိပေမဲ့ လွတ်လပ်ရေးနဲ့အတူ ပေါ်ပေါက်လာခဲ့တဲ့ ပြည်တွင်းစစ်ကြောင့် ပထမအကြိမ် ပါလီမန် အထွေထွေရွေးကောက်ပွဲကို ၁၉၅၁ ခုနှစ် ဇွန်လ ၁၂၊ ၁၃ ရက်နေ့ကနေ ၁၉၅၂ ခုနှစ် ဖေဖော်ဝါရီလအထိ အသုတ်လိုက်ခွဲ ကျင်းပခဲ့ရသလို ၂၀၁၀ ဒီမိုကရေစီခေတ်အပြောင်းအလဲ ရွေးကောက်ပွဲတွေကစ ၂၀၁၅ နဲ့ ၂၀၂၀ ရွေးကောက်ပွဲအထိ ရွေးကောက်ပွဲမကျင်းပနိုင်တဲ့နေရာတွေရှိခဲ့ အပိုင်းလိုက်ကျင်းပခဲ့တာထုံးစံဖြစ်လို့ လက်ရှိအခြေအနေအရ အကြားအလပ်မရှိရွေးကောက်ပွဲထက် ဖဆပလခေတ် ပြည်တွင်းစစ်ကြားက ရွေးကောက်ပွဲထုံး နှလုံးမူပြီး အပိုင်းလိုက်လုပ်တာ အမှန်ဆုံးပါ။
မဲစာရင်းမှန်ကန်ရေးနဲ့ပတ်သက်ပြီး အခြေခံကျတဲ့လုပ်ဆောင်မှုအဖြစ်တော့ SAC အစိုးရက ဒီနှစ်ထဲမှာ ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ခံဖို့လုပ်ဆောင်နေတာလည်း တွေ့ရပါတယ်။ လက်ရှိနိုင်ငံမှာ မြို့ ၅၀ လောက်ကို လက်နက်ကိုင်တွေက သိမ်းယူထားပြီး ပြည်သူ ၃ သန်းနီးပါးက ကစဉ့်ကလျားစစ်ရှောင်နေတာပါ။ MNDAA နဲ့ TNLA တို့နဲ့ နယ်မြေအေးချမ်းသွားရင် ၁၅ မြို့ထက်မနည်း ရွေးကောက်ပွဲလုပ်နိုင်စရာ ရှိလာပေမဲ့လည်း တက္ကသိုလ်ဝင်စာမေးပွဲတောင် မကျင်းပနိုင်တဲ့ ကယားလိုနေရာ၊ နယ်မြေပိုင်စိုးမှုကျဆင်းနေတဲ့ စစ်ကိုင်း၊ ချင်း၊ စတဲ့နေရာမျိုးတွေက ရွေးကောက်ပွဲလုပ်နိုင်ဖို့ မလွယ်တော့ပါဘူး။ ဒါပေမဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဘယ်နှစ်ယောက်ရှိမှ ရွေးကောက်ပွဲလုပ်ရမယ်ပြောမထားလို့ လက်ရှိအချိန်မှာ ဖြစ်တဲ့နည်းနဲ့ ရတဲ့နေရာကို ရွေးကောက်ပွဲလုပ်ပြီး ရွေးကောက်ပွဲလုပ်ထားတဲ့နေရာကို ဒီမိုကရေစီစနစ်၊ ရွေးကောက်ပွဲမလုပ်နိုင်ဘဲ တိုက်ခိုက်နေတဲ့နေရာကို စစ်အုပ်ချုပ်ရေးနဲ့သွားပြီး တစ်ဖက်မှာလည်း ရှိတဲ့ကိုယ်စားလှယ်နဲ့ တရားဝင်အစိုးရအဖြစ် ဖိအားတွေ ပြေလျော့ရေးသွားရေးကြိုးစားရမှာပါ။ တစ်ဖက်မှာလည်း စစ်အုပ်ချုပ်ရေးနဲ့ ထကြွတဲ့နေရာတွေ နှိမ်နင်းပြီး ရွေးကောက်ပွဲလုပ်ပေးရေးကြိုးပမ်းဖို့ မဖြစ်မနေ နှစ်ပိုင်းခွဲသွားရတော့မဲ့အခြေအနေပါ။ ရွေးကောက်ပွဲကပဲ မြန်မာနိုင်ငံနဲ့ ပြည်သူ အလုံးစုံမပျက်သုဉ်းဖို့၊ မြန်မာ့အချုပ်အခြာအာဏာပိုင်နက် ပျက်ယွင်းမသွားဖို့ ကာကွယ်ပေးမှာဖြစ်လို့ ဖြစ်တဲ့နည်းနဲ့ အမြန်ဆုံးရွေးကောက်ပွဲလုပ်ပြီး နိုင်ငံနဲ့ ပြည်သူကို ကာကွယ်စောင့်ရှောက်ဖို့အချိန်ရောက်နေပါပြီလို့ သုံးသပ်မိရင်း ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက် ရပ်နားပါရစေ။