၂၆. ၃. ၂၀၂၄
Written by Nay Moe
ထိုင်းနိုင်ငံဟာ လယ်ယာမြေ မီးရှို့လေ့ရှိတဲ့ အိမ်နီးချင်းနိုင်ငံတွေဆီက ပြောင်းတင်သွင်းမှု ပိတ်ပင်မှာဖြစ်လို့ ရှမ်းပြည်နယ်က ထွက်ရှိတဲ့ပြောင်းတွေ ထိုင်းကိုတင်ပို့ဖို့ အခက်အခဲဖြစ်လာနိုင်တဲ့အခြေအနေမှာ ဒေါ်လာထုတ်ရောင်းတာ၊ Money Changer တွေကိုပါ အရေးယူနေတဲ့ကြားက ဒေါ်လာဈေး ကျဆင်းမှုမရှိဘဲ ကျပ် ၃၇၄၀ ကျော်လာသလို ရွှေစျေးကလည်း တစ်ကျပ်သားကို ကျပ် ၄၃ သိန်းနီးပါးအထိ မြင့်တက်လာနေတာကို တွေ့ရပါတယ်။
အခြားတစ်ဖက်မှာလည်း သင်္ကြန်ရုံးပိတ်ရက် နေရပ်ပြန်မဲ့သူတွေနဲ့ပတ်သက်ပြီး ထောက်ခံစာလိုအပ်တယ်ဆိုတာတွေ၊ စစ်မှုထမ်းဥပဒေနဲ့ ရောထွေးနေတဲ့ ကောလာဟလတွေ ထွက်နေတာကြောင့် အထည်ချုပ်အလုပ်သမားတွေ၊ အခြားအလုပ်သမားတွေ လမ်းခရီးအဆင်ပြေစေဖို့ ကုမ္ပဏီထောက်ခံစာတွေ ထုတ်ပေးတဲ့ဖြစ်စဉ်တွေရှိလာတဲ့အပြင်အကန့်အသတ်နဲ့ ဆောင်ရွက်နေရတာကြောင့် ပုံမှန်အတိုင်း မဆောင်ရွက်နိုင်ချိန် မြ၀တီနယ်စပ်တောလမ်းပိတ်မယ်ဆိုတဲ့ ကောလာဟလတွေကြောင့် ကုန်စည်ပြတ်တောက်မှာ စိုးရိမ်နေရတဲ့အကြောင်းတွေ ရှိနေပေမဲ့လည်း ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက်အဖြစ်တော့ လက်နက်ကိုင်အကြမ်းဖက်မှုတွေကြောင့် စိုက်ပျိုးရေးနဲ့ မွေးမြူရေးတွေ ကျဆင်းလာတယ်ဆိုတဲ့အကြောင်း၊ အကြမ်းဖက်သောင်းကျန်းသူလို့ သုံးနှုန်းခံထားရဆဲဖြစ်တဲ့ AA က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ဖိတ်ခေါ်တဲ့အကြောင်းနဲ့ ရေနက်ဆိပ်ကမ်းစီမံကိန်းတစ်ခုအတွက် ရုရှားနဲ့ ဆွေးနွေးနေတယ်ဆိုတဲ့အကြောင်းတွေကို တင်ပြချင်ပါတယ်။
◾ လက်နက်ကိုင်အကြမ်းဖက်မှုကြောင့် ကျဆင်းလာတဲ့ စိုက်ပျိုးရေးနဲ့ မွေးမြူရေး
လက်နက်ကိုင်အကြမ်းဖက်မှုတွေကြောင့် စိုက်ပျိုးထုတ်လုပ်မှုတွေ ထိခိုက်ခဲ့သလို မွေးမြူရေးကဏ္ဍမှာလည်း တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လျော့နည်းကျဆင်းလာတယ်လို SAC ဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားပါတယ်။ စိုက်ပျိုးရေးနဲ့ပတ်သက်လို့ ပန်းတိုင်ရည်မှန်းချက်ပြည့်မီရေး စနစ်တကျ စိုက်ပျိုးပြီး အထွက်နှုန်းတိုးတက်အောင် ဆောင်ရွက်ဖို့လိုသလို သီးထပ်စွမ်းအားတွေ တိုးတက်စေရေးအတွက်လည်း ဆောင်ရွက်ဖို့လိုတာနဲ့ ပြီးခဲ့တဲ့ကာလအတွင်း ဒေသအချိုမှာ လက်နက်ကိုင်အကြမ်းဖက်မှုတွေ ဖြစ်ပေါ်ခဲ့တာကြောင့် စိုက်ပျိုးထုတ်လုပ်မှုတွေ ထိခိုက်ခဲ့ရပြီး ဒေသကုန်ထုတ်လုပ်မှုပါ ထိခိုက်စေခဲ့တာကြောင့် သက်ဆိုင်ရာတာဝန်ရှိသူတွေက ဒေသအလိုက် ကုန်ထုတ်လုပ်မှုနဲ့ပတ်သက်ပြီး လိုအပ်တာကို ကူညီဆောင်ရွက်ပေးသွားဖို လိုတယ်လို့ SAC ဥက္ကဋ္ဌက ပြောပါတယ်။ ဒါ့အပြင် မွေးမြူရေးနဲ့ ပတ်သက်လို့လည်း တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ လျော့နည်းကျဆင်းလာတာကို တွေ့ရလို့ပြန်လည်တိုးတက်အောင် ဆောင်ရွက်ဖို့လိုအပ်ပြီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေ တိုးတက်မှ စက်မှုလုပ်ငန်းတွေနဲ့ MSME လုပ်ငန်းတွေ တိုးတက်လာမှာဖြစ်တယ်လို ဆိုပါတယ်။ MSME လုပ်ငန်းတွေ ဆောင်ရွက်ရာမှာလည်း ပြည်တွင်းလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရုံသာမက ပြည်ပနိုင်ငံတွေပါ တင်ပို့နိုင်တဲ့ အရည်အသွေးပြည့်မီတဲ့ အဆင့်မီထုတ်ကုန်တွေ ထုတ်လုပ်နိုင်တဲ့အထိ ဆောင်ရွက်ကြဖို့လိုသလို ဝန်ကြီးဌာနတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေကလည်း ပေးအပ်ထားတဲ့ တာဝန်တွေ ကျေပွန်အောင် ထမ်းဆောင်ကြဖို့၊ ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်အတွင်း တွေ့ကြုံခဲ့ရတဲ့ အားနည်းချက်တွေကို သင်ခန်းစာဖော်ထုတ်ပြီး လာမဲ့ဘဏ္ဍာနှစ်အတွင်း လုပ်ငန်းတွေ ပိုမိုတိုးတက် အောင်မြင်အောင် ဆောင်ရွက်သွားဖို လိုအပ်တယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မှာကြားပါတယ်။
စိုက်ပျိုးရေးနိုင်ငံတစ်ခုမှာ စိုက်ပျိုးရေးကျဆင်းတယ်ဆိုတာက ထူးခြားတဲ့ဆိုးရွားမှုလို့ပြောရမှာပါ။ စိုက်ပျိုးရေးဘာကြောင့်ကျလဲဆိုရင် ဓာတ်မြေဩဇာလို သွင်းအားစုတွေ စျေးကြီးတာ၊ PDF တွေနဲ့ လက်နက်ကိုင်အဖွဲ့တွေရဲ့ ဆက်ကြေးတွေ တအားများပြီး ကုန်စည်သယ်ဆောင်ဖြန့်ဖြူးမှုက စိုက်ပျိုးစရိတ်ထက်များလာတာ၊ လယ်မြေတွေက မိုင်းကျင်းတွေဖြစ်လာပြီး စားဖို့အနိုင်နိုင်စိုက်နေရတာ၊ တိုက်ပွဲတွေကြောင့် နယ်စပ်လမ်းတွေ ပိတ်ကုန်ပြီး စိုက်ပျိုးမွေးမြူရေးပို့ကုန်တွေ ပို့လို့မရတော့တာ၊ အထွေထွေကျပ်တည်းမှုကြောင့် ပြည်သူတွေရဲ့ ဝယ်ယူစားသုံးနိုင်မှုကျဆင်းလာတာ စတာတွေဖြစ်လာပြီး ဒီဖြစ်စဉ်တွေရဲ့ အခြားတစ်ဖက်မှာတော့ လက်နက်ကိုင်တွေကဖြန့်ချိနေပြီး စျေးကောင်းရတဲ့ ဘိန်းစိုက်ပျိုးမှု ကမ္ဘာ့အမြင့်ဆုံးဖြစ်လာတော့တာပါ။ လက်ရှိအခြေအနေမှာက ဒီလိုမျိုး စိုက်ပျိုးမွေးမြူရေးကဏ္ဍ ကျဆင်းစေတဲ့အချက်တွေက ပြေလည်လျော့ကျစရာအခြေအနေမရှိလို့ ငြိမ်းချမ်းရာဒေသတွေမှာ အိမ်ခြံမြေစျေးကောင်းလို့ ခွင်ရိုက်ပြီး မြေကွက်ရောင်းစားဖို့ လှပ်ထားတာတွေ၊ ဥပဒေကို လိုသလိုဆွဲသုံးပြီး အကွက်ရိုက်ရောင်းနေတဲ့နေရာတွေနဲ့ မြေယူထားပြီး တကယ်မစိုက်တဲ့နေရာတွေမှာ အမှန်တကယ်စိုက်ပျိုးမွေးမြူသူတွေကို လုပ်ကိုင်ခွင့်ပြုမှပဲ ကျဆင်းနေတဲ့ စိုက်ပျိုးမွေးမြူရေးပြန်တက်လာမှာဖြစ်ပြီး မလုပ်နိုင်ရင်တော့ Food Security ကိုပါ ဆိုးဆိုးရွားရွားခြိမ်းခြောက်တဲ့ အခြေအနေကြုံလာတော့မှာဖြစ်ပါတယ်။
◾ AA ဖိတ်ခေါ်တဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု
ချင်းပြည်နယ်က ပလက်၀၊ ရခိုင်ပြည်နယ်က ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏားကျွန်း၊ မြေပုံမြို့တွေကို သိမ်းပိုက်ထားနိုင်တယ်ဆိုတဲ့ AA လက်နက် ကိုင်အဖွဲ့က သူသိမ်းထားတဲ့ မြို့တွေမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလာလုပ်ဖို့ ဖိတ်ခေါ်လာတာကို တွေ့ရပါတယ်။ ဒါပေမဲ့လည်း မတ်လ ၂၅ ရက်အထိ SAC အစိုးရစာရင်းတွေအရ AA ရဲ့မူးယစ်ဆေးဖြန့်ချိမှုတွေက ကိုးကြိမ်ဖမ်းမိရာမှာ ကျပ်ဘီလျံ ၃၀၀ ဖိုးခန့်ရှိသလို Dhaka Tribune သတင်းစာဖော်ပြမှုအရ AA နဲ့ ARSA ဟာ ဘင်္ဂါလီတွေကို လူကုန်ကူးနေတာပါ။ ဒါ့အပြင် ရခိုင်ပြည်နယ်မြို့တော်စစ်တွေကို AA က ဝိုင်းပတ်ပိတ်ဆိုပြီး တိုက်ခိုက်နေချိန်မှာလည်း စစ်တွေရဲ့ မြိုရွာဧရိယာတွေထဲကို ၁၃ ကြိမ်ပစ်ခတ်တိုက်ခိုက်မှုမှာ ပြည်သူ ၁၈ ဦးသေဆုံးပြီး တက္ကသိုလ်ဝင်တန်းဖြေဆိုနေတဲ့ကျောင်းသားကျောင်းသူ ၂ ဦးအပါအဝင် ၄၇ ဦး ဒဏ်ရာရထားလို AA ဟာ စစ်ရာဇဝတ်မှုကျုးလွန်နေတဲ့ သောင်းကျန်းသူအဖွဲ့လို သတ်မှတ်ခံထားရတာပါ။
“AA က ရခိုင်မှာ ၆ မြို့နယ်၊ ချင်းဘက်က ပလက်ဝဆိုတော့ ၇ မြို့နယ်သိမ်းထားတာပေါ့။ သူက FDI ခေါ်နေပေမဲ့ တကယ်တမ်းတိုက်ပွဲမဖြစ်တဲ့ မြန်မာပြည်မတောင် FDI ဝင်တာမဟုတ်ဘူး။ အချိန်မရွေးတိုက်ပွဲဖြစ်နိုင်တဲ့ ဒီဒေသကိုတော့ ဘယ်သူမှဝင်မှာမဟုတ်ဘူး။ နောက်ပြီး ရခိုင်က သူ့ဒေသစားဖို့တောင် ပြည်မမှီခိုရတာ။ သူရထားတဲ့ဒေသတွေ အပစ်မရပ်ရင် ကုန်သွယ်မှုလည်း ရပ်နေမှာပဲ။ မြို့တွေသိမ်းထားနိုင်တယ်ဆိုပေမဲ့ ကုလားတန်စီမံကိန်းတို့၊ ကျောက်ဖြူစီမံကိန်းတို့က အစိုးရအုပ်ချုပ်မှုအောက်ပဲရှိတာ။ လတ်တလောမှာ တရုတ်အားကိုးနဲ့ သူစွာနေပေမဲ့လည်း ဒေသအခြေအနေက ရှမ်းမြောက်နဲ့သူကမတူဘူး။ AA ကိုယ်တိုင်လည်း ရှမ်းမြောက်ပဲအပစ်ရပ်တာ။ ရခိုင်မပါဘူးလို့ ထုတ်ပြောထားတော့ တစ်ခုခုကြောင့် ရှမ်းမြောက်ပဲအပစ်ရပ်မယ်။ ဒေသဖွံဖြိုးရေးလုပ်မယ်ဆိုရင် သူအားကိုးနေတဲ့တရုတ်က သူ့ဒေသနဲ့မဆိုင်လို့ ရခိုင်ကတော့ ထားလိုက်ဆိုတာမျိုးဖြစ်သွားရင် ဒီနေရာက အချိန်မရွေးတိုက်ပွဲပြန်ဖြစ်မှာ။ ဒီတော့ ဒီအချိန် FDI ထခေါ်တာက မူးယစ်ဆေးဂိုဏ်းတို့၊ ကျားဖြန့်တို၊ လူကုန်ကူးတာတို့နဲ့ ဆက်နွှယ်တာတွေပဲဝင်လာနိုင်မယ်လို ယူဆတယ်” လို့ နိုင်ငံရေးသုံးသပ်သူတစ်ဦးက ပြောပါတယ်။
အမှန်ပါပဲ။ အကြမ်းဖက်သောင်းကျန်းသူလို့ တံဆိပ်ကပ်ခံနေရတာတင်မက AA ရဲ့ လူကုန်ကူးမှုသတင်းတွေက ဘင်္ဂလားဒေ့ရှ်မီဒီယာတွေကပါ ကမ္ဘာသိရေးသားနေတာ၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်းကိုဖီအာနန်ရဲ့ ရခိုင်ကော်မရှင်အစီရင်ခံစာမှာ AA ရဲ့ မူးယစ်ဆေးဖြန့်ချိမှုကို ကမ္ဘာသိဖော်ပြခဲ့တာ၊ ရခိုင်လက်နက်ကိုင်တွေရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကို ကမ္ဘာကစောင့်ကြည့်နေတာ၊ ပလက်ဝမှာလည်း ဌာနေပြည်နယ်ချင်းလက်နက်ကိုင်တွေနဲ့ တိုက်ခိုက်နေရတာတွေကြောင့် AA က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖိတ်ခေါ်ပေမဲ့လည်း ဝင်လာစရာအကြောင်းကတော့ မရှိပါဘူး။ လက်ရှိအချိန်မှာ မြန်မာတစ်နိုင်ငံလုံးကလည်း လက်နက်ကိုင်တွေရဲ့ နေရာအနှံ့မှာ တိုက်ခိုက်နေလို့ တစ်နိုင်ငံလုံးကလည်း ကစဉ့်ကလျားဖြစ်နေတာကြောင့် တရုတ်လိုမျိုး Risk ယူမြှုပ်နှံသူတွေကတောင် FDI မလာတော့တဲ့အခြေအနေပါ။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ FDI တောင် တစ်နှစ်လုံးမှ ဒေါ်လာ ၂ ဘီလျံလောက်ပဲဝင်လာတော့တဲ့အခြေအနေမှာ AA အနေနဲ့ သူသိမ်းထားတဲ့ဒေသ FDI အားကိုးနဲ့ တိုးတက်ရေးဆိုတာ မဖြစ်နိုင်သလို ရခိုင်ပြည်သူတွေကလည်း စစ်ပွဲတွေဖိတ်ခေါ်မိတဲ့ ဆိုးကျိုးကို အခုထက်ပို ရင်စည်းခံရမဲ့အခြေအနေ ဆက်ကြုံရနိုင်ဦးမယ်လို့ပြောရမှာဖြစ်ပြီး ကိုယ်စိုက်ပျိုးသမျှထက်ကို ပိုပြီး ရိတ်သိမ်းရပါလိမ့်မယ်။
◾ ရုရှားနဲ့ဆွေးနွေးနေတဲ့ ရေနက်ဆိပ်ကမ်း
ပင်လယ်ရေနက်ဆိပ်ကမ်းတစ်ခု လုပ်ဆောင်ဖို့ ရုရှားနိုင်ငံနဲ့ ဆွေးနွေးနေသလို ရုရှားနိုင်ငံနဲ့ လုပ်ဆောင်နေတဲ့ လုပ်ငန်းတွေမှာ အသေးစား အဏုမြူစွမ်းအင် ဓာတ်အားပေးစက်ရုံလုပ်ငန်းလည်း ပါဝင်လုပ်ကိုင်နေတယ်လို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(SAC)ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရုရှားဖက်ဒရေးရှင်းနိုင်ငံ ITAR-TASS Media နဲ့ တွေ့ဆုံချိန် မွေးရပ်မြေနဲ့ ပတ်သက်ပြီး မေးမြန်းမှုမှာ ဖွင့်ဟပြောလာပါတယ်။ ထားဝယ်ဒေသမှာဆို ရေနက်ဆိပ်ကမ်းအပြင် ပုလဲထုတ်လုပ်မှုလုပ်ငန်းတွေ ရှိတယ်လို့လည်း SAC ဥက္ကဋ္ဌက ထည့်သွင်းပြောကြားပါတယ်။ ဒါ့အပြင် SAC ဥက္ကဋ္ဌက ရုရှားနိုင်ငံနဲ့ လုပ်ဆောင်နေတဲ့ လုပ်ငန်းတွေမှာ အသေးစား အဏုမြူစွမ်းအင် ဓာတ်အားပေးစက်ရုံလုပ်ငန်းအပြင် စိုက်ပျိုးရေးကဏ္ဍ၊ ဆေးဘက်ဆိုင်ရာကဏ္ဍ၊ စွမ်းအင်ကဏ္ဍ၊ သတ္တုတူးဖော်ရေးကဏ္ဍ၊ ရုရှားနည်းပညာနဲ့ ဓာတ်မြေသြဇာ ထုတ်လုပ်ပြီး မြန်မာနိုင်ငံမှာ ဓာတ်မြေသြဇာ ထုတ်လုပ်မယ့်စက်ရုံ တည်ဆောက်ရေးလုပ်ငန်း၊ လေအားလျှပ်စစ် ထုတ်လုပ်ရေးလုပ်ငန်း၊ အခြား ဆိုလာနဲ့ ပတ်သက်တဲ့ လျှပ်စစ် ထုတ်လုပ်ရေးလုပ်ငန်း၊ ကျန်းမာရေးနဲ့ပတ်သက်ပြီး ဆေးဝါးထုတ်လုပ်မှု လုပ်ငန်း စသည်ဖြင့် လုပ်ငန်းနယ်ပယ်များစွာကို ဆက်လုပ်ဖို့ အစီအစဉ်ရှိတယ်လိုလည်း SAC ဥက္ကဋ္ဌက ပြောကြားခဲ့တာကို တွေ့ရပါတယ်။
မြန်မာနိုင်ငံတောင်ပိုင်းဒေသမှာ လက်ရှိအချိန် ထိုင်းနိုင်ငံနဲ့ ပူးပေါင်းပြီး ထားဝယ်ရေနက် ဆိပ်ကမ်းစီမံကိန်းလုပ်ဆောင်နေပေမဲ့လည်း ဆယ်စုနှစ်ချီကြာလာတဲ့အထိ အောင်မြင်တဲ့ ရေနက်ဆိပ်ကမ်းတော့ ဖြစ်မလာသေးတာလည်း တွေ့ရသလို အရင်တုန်းကတော့ ဂျပန်နိုင်ငံပါဝင်ဖို့ ဆွေးနွေးပေမဲ့လည်း ၂၀၂၁ ခုနှစ် နိုင်ငံရေးအကျပ်အတည်းနဲ့အတူ ဒီဆွေးနွေးမြှုပ်နှံမှုကလည်း ရပ်တန့်သွားခဲ့တာပါ။ ဒီနေရာမှာ ထိုင်းနိုင်ငံဟာ သူ့နိုင်ငံဆွံ့အသွားစေနိုင်တဲ့ ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းကို တကယ်ရောဖြစ်မြောက်စေချင်သလား၊ ထားဝယ်ရေနက် ဆိပ်ကမ်းဖြစ်မြောက်သွားရင် သူ့နိုင်ငံအခက်ကြုံနိုင်လို့ တမင်ဝင်လုပ်ပြီး နှောင့်နှေးအောင်လုပ်နေသလား တွေးစရာအခြေအနေရှိနေတာပါ။ လက်ရှိမြန်မာနိုင်ငံမှာဆိုရင် ရေနက်ဆိပ်ကမ်းလုပ်နိုင်တဲ့နေရာတွေကို ပြပါဆို ရန်ကုန်၊ မွန်၊ တနင်္သာရီ၊ ရခိုင် စတဲ့နေရာတွေမှာ နေရာငါးခုထက်မနည်းလုပ်ဆောင်နိုင်စရာရှိပေမဲ့လည်း အိမ်နီးချင်း ထိုင်း၊ စင်ကာပူတို့ကို ဆွံ့အသွားစေနိုင်တဲ့ ဒီစီမံကိန်းတွေက တစ်ခုမှ ဖြစ်မြောက်မလာတာ ထူးခြားတယ်လို့ ပြောရမှာပါ။ လက်ရှိနိုင်ငံရဲ့ ဘက်စုံအကျပ်အတည်းတွေအရ တစ်နိုင်ငံလုံးမှာ ဗုံးကျင်းတွေ၊ တိုက်ပွဲတွေဖြစ်နေတာ၊ ပညာရေးလေ့လာမှုကလည်း ဆယ်တန်းဖြေဆိုသူတောင် ၈ သိန်းကျော်ကျဆင်းသွားတာ၊ လူငယ်တွေ လက်နက်ကိုင်တာ၊ ပြည်ပထွက်ကုန်တာကြောင့် နိုင်ငံ့တိုးတက်ရေးမှာ ပညာနဲ့ ဖွံ့ဖြိုးလာဖို့လည်း မျှော်လင့်လို့မဖြစ်နိုင်ချိန်မှာ ရေနက်ဆိပ်ကမ်းလိုမျိုး အောင်မြင်အောင် အကောင်အထည်ဖော်ပြီး စင်ကာပူလို ကုန်စည်ထောက်ပို့နိုင်ငံအဖြစ် တိုးတက်ရေးပဲ မျှော်လင့်စရာကျန်တော့တာပါ။ ဒီလိုမျိုး ကုန်စည်ထောက်ပို့နိုင်ငံဖြစ်လာဖို့ လိုအပ်တဲ့ ရေနက်ဆိပ်ကမ်းတွေကလည်း နှောင့်နှေးနေတာမို့ ဒီဖြစ်ရပ်တွေကိုအကောင်းဆုံးအဖြေရှာပြီး အလုံးစုံပျက်သုဉ်းရေးကို တစ်ဖက်ကသွားနေတာ တားဆီးဖို့အပြင် နိုင်ငံ အမြန်ဆုံး နာလန်ပြန်ထူနိုင်မဲ့လမ်းစမျိုးလည်းတစ်ဖက်ကရှာ အကောင်အထည်အမြန်ဖော်သင့်တာတော့ အမှန်ပါလို့တင်ပြရင်း ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက် ရပ်နားပါရစေ။