၂၆. ၃. ၂၀၂၄
Written by Tha Doe
မူးယစ်ဆေးဝါးဖြန့်ချိမှုတွေ၊ လူကုန်ကူးမှုတွေနဲ့ အကြမ်းဖက်မှုတွေကို လုပ်ကိုင်နေတဲ့ AA လက်နက်ကိုင်အဖွဲ့က သိမ်းထားနိုင်တဲ့နယ်မြေတွေမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေလာရောက်ဖို့ ဖိတ်ခေါ်နေပါတယ်။
မတ်လ ၂၅ ရက်အထိ SAC အစိုးရစာရင်းတွေအရ AA ရဲ့မူးယစ်ဆေးဖြန့်ချိမှုတွေက ကိုးကြိမ်ဖမ်းမိရာမှာ ကျပ်ဘီလျံ ၃၀၀ ဖိုးရှိသလို Dhaka Tribune သတင်းစာဖော်ပြမှုအရ AA နဲ့ ARSA ဟာ ဘင်္ဂါလီတွေကို လူကုန်ကူးနေတာပါ။ ဒါ့အပြင် ရခိုင်ပြည်နယ်မြို့တော်စစ်တွေကို AA က ဝိုင်းပတ်ပိတ်ဆို့ပြီး တိုက်ခိုက်နေချိန်မှာလည်း စစ်တွေရဲ့ မြို့ရွာဧရိယာတွေထဲကို ၁၃ ကြိမ်ပစ်ခတ်တိုက်ခိုက်မှုမှာ ပြည်သူ ၁၈ ဦးသေဆုံးပြီး တက္ကသိုလ်ဝင်တန်းဖြေဆိုနေတဲ့ကျောင်းသားကျောင်းသူ ၂ ဦးအပါအဝင် ၄၇ ဦး ဒဏ်ရာရထားလို့ AA ဟာ သောင်းကျန်းသူအဖွဲ့လို့ သတ်မှတ်ခံထားရတာပါ။
ဒါပေမဲ့လည်း AA ကတော့ လက်ရှိသိမ်းပိုက်ရရှိထားတဲ့ မြို့ရွာတွေ တည်ငြိမ်ရေး၊ အုပ်ချုပ်ရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ လုံခြုံရေး၊ ကျန်းမာရေးနဲ့ လူမှုစီးပွားအဝဝတို့ကို အကောင်းဆုံး ကြိုးစားဆောင်ရွက်နေတယ်ပြောလာသလို ဒေသအကျိုးစီးပွားဖြစ်ထွန်းတဲ့၊ ဒေသဖွံ့ဖြိုးရေးကို အထောက်အကူပြုတဲ့ ဘယ်လိုနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမျိုးကိုမဆို အသိအမှတ်ပြု ကြိုဆိုပြီး ရင်းနှီးမြှုပ်နှံရေးလုပ်ငန်းတွေ၊ စီမံကိန်းတွေနဲ့ ရင်းနှီးမြှုပ်နှံလုပ်ကိုင်ကြသူတွေရဲ့ လုံခြုံရေး၊ အသက်အန္တရာယ်တို့ကို ကာကွယ်စောင့်ရှောက်သွားမှာဖြစ်သလို လာရောက်ရင်းနှီးမြှုပ်နှံကြတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၊ စီမံကိန်းတွေ ဆက်လက်လည်ပတ်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ဖို့ လိုလားတယ်လို့ ပြောလာပါတယ်။
“AA က ရခိုင်မှာ ၆ မြို့နယ်၊ ချင်းဘက်က ပလက်ဝဆိုတော့ ၇ မြို့နယ်သိမ်းထားတာပေါ့။ သူက FDI ခေါ်နေပေမဲ့ တကယ်တမ်းတိုက်ပွဲမဖြစ်တဲ့ မြန်မာပြည်မတောင် FDI ဝင်တာမဟုတ်ဘူး။ အချိန်မရွေးတိုက်ပွဲဖြစ်နိုင်တဲ့ ဒီဒေသကိုတော့ ဘယ်သူမှဝင်မှာမဟုတ်ဘူး။ နောက်ပြီး ရခိုင်က သူ့ဒေသစားဖို့တောင် ပြည်မမှီခိုရတာ။ သူရထားတဲ့ဒေသတွေ အပစ်မရပ်ရင် ကုန်သွယ်မှုလည်း ရပ်နေမှာပဲ။ မြို့တွေသိမ်းထားနိုင်တယ်ဆိုပေမဲ့ ကုလားတန်စီမံကိန်းတို့၊ ကျောက်ဖြူစီမံကိန်းတို့က အစိုးရအုပ်ချုပ်မှုအောက်ပဲရှိတာ။ လတ်တလောမှာ တရုတ်အားကိုးနဲ့ သူစွာနေပေမဲ့လည်း ဒေသအခြေအနေက ရှမ်းမြောက်နဲ့သူကမတူဘူး။ AA ကိုယ်တိုင်လည်း ရှမ်းမြောက်ပဲအပစ်ရပ်တာ။ ရခိုင်မပါဘူးလို့ ထုတ်ပြောထားတော့ တစ်ခုခုကြောင့် ရှမ်းမြောက်ပဲအပစ်ရပ်မယ်။ ဒေသဖွံ့ဖြိုးရေးလုပ်မယ်ဆိုရင် သူအားကိုးနေတဲ့တရုတ်က သူ့ဒေသနဲ့မဆိုင်လို့ ရခိုင်ကတော့ ထားလိုက်ဆိုတာမျိုးဖြစ်သွားရင် ဒီနေရာက အချိန်မရွေးတိုက်ပွဲပြန်ဖြစ်မှာ။ ဒီတော့ ဒီအချိန် FDI ထခေါ်တာက မူးယစ်ဆေးဂိုဏ်းတို့၊ ကျားဖြန့်တို့၊ လူကုန်ကူးတာတို့နဲ့ ဆက်နွှယ်တာတွေပဲဝင်လာနိုင်မယ်လို့ ယူဆတယ်” လို့ နိုင်ငံရေးသုံးသပ်သူတစ်ဦးက ပြောပါတယ်။
လက်ရှိအချိန်မှာ AA ရဲ့ လူကုန်ကူးမှုသတင်းတွေက ဘင်္ဂလားဒေ့ရှ်မီဒီယာတွေကပါရေးသားနေတာ၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်းကိုဖီအာနန်ရဲ့ ရခိုင်ကော်မရှင်အစီရင်ခံစာမှာတောင် AA ရဲ့ မူးယစ်ဆေးဖြန့်ချိမှုကို ကမ္ဘာသိဖော်ပြခဲ့တာ၊ ရခိုင်လက်နက်ကိုင်တွေရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကို ကမ္ဘာကစောင့်ကြည့်နေတာ၊ ပလက်ဝမှာလည်း ဌာနေပြည်နယ်ချင်းလက်နက်ကိုင်တွေနဲ့ တိုက်ခိုက်နေရတာတွေကြောင့် AA က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖိတ်ခေါ်ပေမဲ့လည်း ဝင်လာစရာအခြေအနေတစ်စက်မှမရှိဘူးလို့လည်း အထက်ပါသုံးသပ်သူက ထောက်ပြပါတယ်။