၂၆. ၃. ၂၀၂၄
Written by Ye Kyaw
မြန်မာနိုင်ငံတွင် နျူကလီးယား ဓာတ်အားထုတ်လုပ်မှု (Nuclear Power Plant) တည်ဆောက်ရေးအား ရုရှားနိုင်ငံပိုင် အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း (ROSATOM) နှင့် Institute of Electrical and Electronic Engineers (IEEE) တို့၏ အကူအညီ ရရှိမှုအပေါ်မူတည်ပြီး လျင်မြန်စွာ အကောင်အထည် ဖော်နိုင်မည်ဖြစ်ကြောင်း သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကျော်က မတ်လ ၂၅ ရက်က ရုရှားနိုင်ငံ၌ စတင်ကျင်းပနေသည့် 2024 ATOMEXPO Xlll အခမ်းအနားတွင် ရုရှားမီဒီယာဖြစ်သည့် Russiya 24 နှင့် အင်တာဗျူးဖြေရာတွင် ပြောကြားခဲ့သည်။
“Nuclear Power Plant တည်ဆောက်ရေးနဲ့ ပတ်သက်ရင် ကျွန်တော်တို့အနေနဲ့ IEEE က သတ်မှတ်ထားတဲ့ Millstone ၊ Nuclear Infrastructure Issue ၁၉ ခုကို လိုက်နာရတာဖြစ်ပါတယ်။ ဒါတွေကို ဆောင်ရွက်နိုင်ဖို့ ROSATOM ရဲ့ အကူအညီနဲ့ ကျွန်တော်တို့ရဲ့ ပြည်သူတွေကို အသိပညာပေးတာတွေ၊ ကျွန်တော်တို့ရဲ့ လူသားအရင်းအမြစ်တွေ ပြုစုပျိုးထောင်တာတွေ ဒါတွေ ဆောင်ရွက်လျက်ရှိပါတယ်။ ဒါကြောင့် ROSATOM တို့၊ IEEE တို့ရဲ့ အကူအညီကို ကျွန်တော်တို့ ကောင်းကောင်းမွန်မွန် ကျယ်ကျယ်ပြန့်ပြန့် ရရှိတဲ့အပေါ် မူတည်ပြီးတော့ ကျွန်တော်တို့အနေနဲ့ အကောင်အထည်ဖော်တဲ့လုပ်ငန်းတွေကို လျင်မြန်စွာ အကောင်အထည်ဖော်နိုင်မယ်လို့ ပြောကြားလိုပါတယ်” ဟု ဒေါက်တာမျိုးသိမ်းကျော်က ပြောကြားသည်။
အဏုမြူစွမ်းအင်ကို ငြိမ်းချမ်းစွာအသုံးပြုမှုအတွက် မြန်မာနိုင်ငံနှင့် ROSATOM တို့ကြား သဘောတူညီချက်ကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်တွင် လက်မှတ်ရေးထိုးခဲ့ပြီး မေလ ၁၅ ရက်တွင် လက်မှတ်ရေးထိုးခဲ့သည့် စာချုပ်အသက်ဝင်ခဲ့ချိန် ပူးပေါင်းဆောင်ရွက်မှုများ စတင်ဖွဲ့စည်းခဲ့ကြောင်း ဒေါက်တာမျိုးသိမ်းကျော်က ပြောကြားသည်။
လက်ရှိ ရုရှားနိုင်ငံတွင် ပြုလုပ်သည့် 2024 ATOMEXPO Xlll တွင်လည်း ATOMEXPO နှင့် ပတ်သက်ပါက ကမ္ဘာပေါ်တွင် ကြီးမားသည့် ပြပွဲတစ်ခုဖြစ်ပြီး နျူကလီးယား လောင်စာအား ပြန်လည်အသုံးပြုနိုင်မည့် နည်းပညာကို ယခုနှစ်ပြပွဲတွင်ပြသထားကာ အဆိုပါနည်းပညာများ အပြင် EV နည်းပညာများလည်း တိုးတက်လာသည်ကို တွေ့ရကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
“ကျွန်တော်တို့နိုင်ငံအတွက်ဆိုရင်တော့ ကျွန်တော်တို့နိုင်ငံဟာ စိုက်ပျိုးမွေးမြူရေးကို အခြေခံတဲ့နိုင်ငံဖြစ်ပါတယ်။ အဲဒီတော့ စိုက်ပျိုးမွေးမြူရေးရဲ့ ထုတ်ကုန်တွေ Value Added ဖြစ်ဖို့ ကျွန်တော်တို့ရဲ့ MSME လုပ်ငန်းတွေ တိုးတက်ဖွံ့ဖြိုးဖို့အတွက် လိုအပ်တဲ့နည်းပညာ ROSATOM က ပြနေတာတွေ့ခဲ့ရပါတယ်။ ဒါတွေကတော့ Irritation Technology ဖြစ်ပါတယ်။ ဒီ Technology ကို ကျွန်တော်တို့နိုင်ငံမှာ အသုံးချနိုင်မယ်လို့လည်း ယူဆပါတယ်။ ကျွန်တော်တို့အတွက်လည်း အများကြီး အသုံးဝင်မယ်လို့ ယူဆပါတယ်” ဟု ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
2024 ATOMEXPO Xlll အား ရုရှားနိုင်ငံ၊ Sochi မြို့ရှိ Park of Science and Arts Sirius ၌ မတ်လ ၂၅ ရက်နှင့် မတ်လ ၂၆ ရက် နှစ်ရက်တိုင်တိုင် ကျင်းပလျက်ရှိသည်။ အဆိုပါပွဲသို့ ရုရှားနိုင်ငံပိုင် အနုမြူစွမ်းအင်ကော်ပိုရေးရှင်း (Rosatom) မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံမှ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကျော်တို့ တက်ရောက်ခဲ့ပြီး အာရှ၊ အရှေ့အလယ်ပိုင်း၊ ဥရောပ၊ အာဖရိက၊ အရှေ့တောင်အာရှတို့ရှိ နိုင်ငံပေါင်း ၇၅ နိုင်ငံမှ တာဝန်ရှိသူများ၊ ပညာရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ နျူးကလီးယားကုမ္ပဏီများမှ တာဝန်ရှိသူများ အပါအဝင် လူဦးရေ ၄၅၀၀ တက်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါပြပွဲတွင် ROSATOM နှင့် ရုရှားကုမ္ပဏီများ၏ နျူကလီးယားစွမ်းအင်ဆိုင်ရာ ပြခန်းများနှင့် နိုင်ငံတကာကုမ္ပဏီများမှ နျူကလီးယားဆိုင်ရာ ပြခန်းများပြသခဲ့ပြီး နျူကလီးယားဆိုင်ရာ လျှပ်စစ်ထုတ်လုပ်ရေး၊ မော်တော်ကားထုတ်လုပ်ခြင်း၊ သယ်ယူပို့ဆောင်ရေးကဏ္ဍ၊ ဆေးပညာပိုင်းဆိုင်ရာကဏ္ဍ၊ ပညာရေးကဏ္ဍတို့အပြင် အဓိကအားဖြင့် လူသားအရင်းအမြစ်ကို အကျိုးပြုစေမည့် လုပ်ငန်းအမျိုးအစားများကို ပါဝင်ပြသနေသည်။