၂၅. ၃. ၂၀၂၄
Written by Nay Moe
ကျိုက်ထီးရိုးဘုရားဖူးတွေကို တိုက်ခိုက်သတ်ဖြတ်ခဲ့တဲ့ ကျိုက်ထိုတော်လှန်ရေးအင်အားစု(KRF) PDF အဖွဲ့က မတ်လ ၂၄ ရက်မှာ တောင်ကလေးကျေးရွာ အုပ်ချုပ်ရေးမှူးဦးစံလွင်ကို သတ်ဖြတ်ခဲ့သလို ဒီနေ့ မတ်လ ၂၅ ရက်မှာလည်း ရဟန်းတစ်ပါးနဲ့လက်ဖက်ရည်ဆိုင်ပိုင်ရှင်တစ်ဦးကို ထပ်မံသတ်ဖြတ်လိုက်တယ်လို့ အခု ထုတ်ပြန်ပါတယ်။
ဖြစ်စဥ်က ဒီနေ့ မတ်လ၂၅ ရက် နေ့လယ် ၁ နာရီဝန်းကျင်မှာ ကျိုက်ထိုမြို့နယ်၊ ကင်မွန်းချောင်းရွာ ကျောက်ဖြူတောင်ကျောင်းဆရာတော်ဦးစန္ဒိမာနဲ့ စင်တော်လက်ဖက်ရည်ဆိုင်ပိုင်ရှင်ဦးတင်ငြိမ်းတို့ကို စစ်ရေးပစ်မှတ်သတ်မှတ်ပြီး စင်တော်ကဖီးရှေ့မှာ ပစ်သတ်ခဲ့တာဖြစ်ပါတယ်။
MT News က တွေ့ရှိရတဲ့ ရုပ်သံဖိုင်မှာလည်း KRF အဖွဲ့က PDF တွေဟာ လက်နက်မဲ့ရဟန်းတစ်ပါးနဲ့ သက်ကြီးရွယ်အိုအမျိုးသားစင်တော်လက်ဖက်ရည်ဆိုင်ပိုင်ရှင်ဦးတင်ငြိမ်းတို့ကို ပစ္စတိုသေနတ်တွေနဲ့ လိုက်ပစ်သတ်နေပြီး ဒီပစ်ခတ်မှုမှာ ဆရာတော်ဦးစန္ဒိမာ နေရာတင်ပွဲချင်းပြီးပျံလွန်ခဲ့သလို ဦးတင်ငြိမ်းကလည်း စိုးရိမ်ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပါတယ်။
KRF အဖွဲ့ဟာ အဂတိလိုက်စားမှုပေါင်းများစွာနဲ့ ထောင်နှစ်ရှည်ကျခံနေရတဲ့ မွန်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအေးဇံရဲ့ ကိုယ်ရေးအရာရှိဟောင်း ရဲပြေးအေးမင်းထွန်းဦးဆောင်တဲ့အဖွဲ့ဖြစ်ပြီး သူတို့က ကျိုက်ထိုနယ်မှာ ကျက်စားသလို တံတားချိုးတာ၊ လူသတ်တာကို လုပ်ဆောင်နေတဲ့အပြင် ပြီးခဲ့တဲ့ ၂၀၂၂ အောက်တိုဘာ ၁၂ ရက်ကလည်း ကျိုက်ထီးရိုးဘုရားဖူးဂိတ်ကို ပစ်ခတ်တိုက်ခိုက်လို့ ဘုရားဖူးပြည်သူ ၄ ဦးသေဆုံးပြီး ၁၈ ဦး ဒဏ်ရာရခဲ့ပါသေးတယ်။