၂၀.၃.၂၀၂၄
Written by Hey Mar
ခေါင်းဖြတ် ၊ လက်နှစ်ဖက် ၊ ခြေနှစ်ဖက်အဖြတ်ခံထားရပြီး ဗိုက်ပါ အဖွင့်ခံထားရတဲ့ သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးရဲ့ ရုပ်အလောင်းကို မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ တောင်ကိုင်ရွာအနီးဆည်ထဲမှာပေါ်လာတဲ့အတွက် သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ ဒေသခံပရဟိတအသင်းက သွားရောက်သယ်ဆောင်ပေးခဲ့ရတဲ့ဖြစ်စဉ် ဒီကနေ့ မတ်လ ၂၀ ရက် မနက် ၁၀ နာရီ ၃၀ မိနစ်ဝန်းကျင်ခန့်က ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ရုပ်အလောင်းဟာ ရက်ရက်စက်စက် ညှင်းဆဲသတ်ဖြတ်ခံထားရဖွယ်ရှိပြီး ဆည်တော်ကြီး အထက်ပိုင်းကနေ မျောပါလာပုံရတယ်လို့ ရုပ်အလောင်းသွားရောက်ကောက်ယူခဲ့တဲ့ဖြစ်စဉ်မှာ မြင်တွေ့ရတဲ့အခြေအနေတွေကို လူမှုကူညီရေးအသင်းတာဝန်ရှိသူကဆိုပါတယ်။
သူက “ ဆည်တော်ကြီး အထက်မှာတောထူတယ်။ နိုင်ငံရေးမတည်ငြိမ်တဲ့ဖြစ်စဉ်တွေလည်းရှိတော့ အဲ့သည့်ဘက်က မျောပါလာတယ်လို့ ခန့်မှန်းရပါတယ်။ အမျိုးသားအလောင်းက သက်လတ်ပိုင်းလောက်ပဲ ၃၀ စွန်းယုံလို့ ခန့်မှန်းရပါတယ်“ လို့ MT News က ဆက်သွယ်မေးမြန်းရာမှာ ပြန်လည်ဖြေကြားပါတယ်။
အဆိုပါ သေဆုံးရုပ်အလောင်းကို မန္တလေးဆေးရုံကြီးဆီ ပို့ဆောင်ပြီး ရင်ခွဲရုံက PR11 နဲ့ လက်ခံထားရှိထားတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၁၈ ရက်နေ့ကလည်း မနက် ၉ နာရီခန့်အချိန်မှာ အမရပူရမြို့ နယ်၊ တော်တွင်းရွာအနီး အထက်ပိုင်းကနေ မျောပါလာတဲ့ အမျိုးသားတစ်ဦးရဲ့ ရုပ်အလောင်းကို နယ်မြေခံရဲတပ်ဖွဲ့တို့နဲ့အတူဆယ်ယူပြီး မန္တလေးဆေးရုံကြီးဆီပို့ဆောင်ပေးခဲ့ရတဲ့ ဖြစ်စဉ်လည်း ရှိခဲ့ပါသေးတယ်။