၁၉. ၃. ၂၀၂၄
Translated by Htwe Ko Tun
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရီးစ်က ဂါဇာကမ်းမြောင်ဒေသ၏ မြောက်ပိုင်းဒေသအတွင်း ဖြစ်အံ့ဆဲဆဲအခြေအနေသို့ ဆိုက်ရောက်နေသောငတ်မွတ် ခေါင်းပါးခြင်းကပ်ဘေးကြီးကို အမြန်ဆုံး ဝိုင်းဝန်းတားဆီးကြရန်နှင့် ထိုကပ်ဘေးကြီးက လူသားတို့ကြောင့်သာ ဖြစ်ပေါ်လာရခြင်းဖြစ်ကြောင်း မတ်လ ၁၈ ရက်တွင် ပြောခဲ့သည်။
အစားအစာလုံခြုံမှုအဆင့်သတ်မှတ်ရေး စီမံချက်အဖွဲ့ (IPC) ၏အစီရင်ခံချက်တစ်ခုအရ ဂါဇာဒေသ မြောက်ပိုင်းတွင် မတ်လအလယ်ပိုင်းနှင့်မေလအကြားတွင် ငတ်မွတ်ခေါင်းပါးခြင်းဘေး ကျရောက်မှုနှင့် ကြုံတွေ့ရနိုင်ပြီး ဂါဇာဒေသနေ ပြည်သူ ၂ ဒသမ ၃ သန်း၏ ၇၀ ရာခိုင်နှုန်းကျော်က ကြီးမားလှသော အစားအစာပြတ်လပ်မှုနှင့် ရင်ဆိုင်နေရကြောင်း ဖော်ပြခဲ့သည်။
အဆိုပါ အစီရင်ခံခန့်မှန်းချက်အား မတ်လ ၁၈ ရက်က ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး အထူးသဖြင့် ဂါဇာမြောက်ပိုင်းဒေသတွင် ပါလက်စတိုင်းပြည်သူတို့မှာ ကျွဲစာနွားစာကဲ့သို့ တိရစ္ဆာန်အစာများကိုပင် အားထားစားသောက်နေရခြင်း၊ တိရစ္ဆာန် အသေကောင် အပုပ်ကောင်များမှပင် ကောင်းနိုးရာရာရှာဖွေစားသောက်ခြင်း၊ တောင်းစားခြင်းများတို့ ပြုလုပ်နေကြသည်ကိုတွေ့ရကြောင်းလည်း ဖော်ပြခဲ့သည်။ ဂါဇာမြောက်ပိုင်းကို အစ္စရေးတပ်ဖွဲ့များသိမ်းပိုက်ပြီးသည့်နောက် ကလေးငယ် ၂၇ ဦးမှာလည်း အာဟာရချို့တဲ့၍ သေဆုံးခဲ့ကြရသည်။
IPC အစီရင်ခံစာက လာမည့်လအနည်းငယ်အတွင်း ပါလက်စတိုင်းပြည်သူ ၂၀၀,၀၀၀ ကျော်တို့မှာ အစာရေစာပြတ်လပ်ခြင်းကို ကြုံရလိမ့်မည်ဟုလည်း ခန့်မှန်းထားခဲ့သည်။
၂၀၂၃ ခုနှစ် အောက်တိုဘာလ ၇ ရက်မှစ၍ ဂါဇာဒေသ၌ တိုက်ခိုက်မှုများကြောင့် သေဆုံးရသူ ပါလက်စတိုင်းဦးရေမှာလည်း မတ်လ ၁၈ ရက်ထိ အနည်းဆုံး ၃၁,၇၂၆ ဦးနှင့် ဒဏ်ရာရသူ ၇၃,၇၉၂ ဦးရှိခဲ့ပြီဖြစ်သည်။
Ref- Al Jazeera