၁၈.၃.၂၀၂၄
Written by KL
မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်၊ ပန်းတောင်းကျေးရွာအနီး ပုသိမ် – မုံရွာလမ်း ရွှေစက်တော် ၃ မိုင်လမ်းခွဲအနီးတွင်မတ်လ ၁၇ ရက်နေ့က ရွှေစက်တော်ဘုရားဖူးယာဥ် အရှိန် လွန်၍ တိမ်းမှောက်ခဲ့ရာ ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မကွေးတိုင်းဒေသကြီး လူမှုကယ်ဆယ်ရေးအသင်းထံမှ သိရသည်။
ဖြစ်စဥ်မှာ ရွှေစက်တော်ဘုရား ဘုရားဖူးရန် မကွေးမြို့ပေါ်မှခရီးသည် ၁၀ ဦးကျော်လိုက်ပါလာသော လိုက်ထရပ်ယာဥ်မှာ အရှိန်လွန်ကာ တိမ်းမှောက်ခဲ့ခြင်းဖြစ်ပြီး လူနာများမှာ အသက်အန္တရာယ်စိုးရိမ်ဖွယ်ရာမရှိကြောင်း သိရသည်။
“ဒဏ်ရာရတဲ့သူတွေက အသက် ၂၀ ဝန်းကျင်တွေပါ။အမျိုးသားနှစ်ဦး၊ အမျိုးသမီးနှစ်ဦးပါ။ အမျိုးသားတစ်ယောက်က လက်ကျိုးပြီး၊ တစ်ယောက်က ခေါင်းပေါက်တယ်။ ကျန်တဲ့သူတွေက ပွန်းပဲ့ဒဏ်ရာတွေရရှိခဲ့တာပါ” ဟု မကွေးတိုင်းဒေသကြီး လူမှုကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဒဏ်ရာရရှိသူများကို ဒေသခံက ကယ်ဆယ်ရေးအသင်းများက လူနာတင်ယာဥ်များဖြင့် ပဒါန်းဆေးရုံ၊ ယင်းမှတစ်ဆင့် မင်းဘူးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။