၁၈. ၃. ၂၀၂၄
Written by Ye Kyaw
ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ အမှတ် (၂) လမ်းမကြီးနှင့် ရန်ကုန်မြို့ပတ်လမ်းမကြီးလမ်းဆုံအနီးတွင် အကောင်အထည်ဖော် တည်ဆောက်ထားသည့် သုခဒဂုံပြည်သူ့အငှားအိမ်ရာ ဒုတိယအဆင့်တွင် မဲပေါက်ထားသူများ အိမ်ငှားရမ်းခွင့်အတွက် စာချုပ်ချုပ်ဆိုနိုင်ရေးနှင့် အိမ်လခများ ပေးသွင်းနိုင်ရေးတို့ကို မကြာမီ အသိပေးကြေညာသွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ယနေ့တွင် ထုတ်ပြန်ထားသည်။
အဆိုပါ သုခဒဂုံပြည်သူ့အငှားအိမ်ရာရှိ အိမ်ခန်းများအား နေရေးအခက်အခဲရှိသော ပြည်သူများ၊ အငြိမ်းစားဝန်ထမ်းများနှင့် လက်ရှိတာဝန်ထမ်းဆောင်ဆဲ နိုင်ငံ့ဝန်ထမ်းများအား သတ်မှတ်ငှားရမ်းခနှုန်းထားဖြင့် ငှားရမ်းနေထိုင်ခွင့်ပြုရန် ကြေညာထားပြီးဖြစ်သည်။
“သုခဒဂုံပြည်သူ့အငှားအိမ်ရာ ဒုတိယအဆင့်တွေ အိမ်ငှားရမ်းခွင့်အတွက် မီတာများတပ်ဆင်နိုင်ရေး ဆောင်ရွက်နေပါတယ်။ မီတာများ တပ်ဆင်ပြီးရင် စာချုပ်ချုပ်ဆိုနိုင်ရေးနဲ့ အိမ်လခများ ပေးသွင်းနိုင်ရေး ဆက်လက် အသိပေးသွားပါမည်” ဟု မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန(ရန်ကုန်)မှ ထုတ်ပြန်ထားသည်။
ယခု ဒုတိယအဆင့်များအတွက် အခန်းမဲပေါက်ပြီးသူများအား စာချုပ်ချုပ်ဆိုခြင်းနှင့် အိမ်လခပေးသွင်း လုပ်ငန်းများကို မကြာမီဆောင်ရွက်ပေးမည်ဖြစ်သော်လည်း ဆောင်မည့်ရက်အတိအကျ မသိရှိသေးဘဲ သိရှိပါက ချက်ချင်း အသိပေးသွားမည်ဖြစ်ကြောင်း သိရသည်။
“စာချုပ်ချုပ်ဖို့အတွက်က ဆက်သွယ်ပေးပါမယ်။ အတိအကျ သိရတာနဲ့ ဆက်သွယ်ပေးပါမယ်။ လောလောဆယ်တော့ ရက်အတိအကျ မသိရသေးပါဘူး” ဟု သုခဒဂုံပြည်သူ့အငှားအိမ်ရာ အိမ်ခန်းနေရာချထားရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီမှ တာဝန်ရှိသူက MT News သို့ ပြောသည်။
အဆိုပါ သုခဒဂုံပြည်သူ့အငှားအိမ်ရာ ပထမအဆင့် မဲပေါက်နေထိုင်ခွင့်ရရှိသူများအတွက် အိမ်လခစပေါ်ငွေလက်ခံခြင်းနှင့် စာချုပ်ချုပ်ဆိုခြင်းကို ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၂၀ ရက်မှ ၃၀ ရက်အထိ လက်ခံဆောင်ရွက်ထားပြီး ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် အိမ်ခန်းပေါင်း ၄၅၀ သော့ထုတ်ပေးခဲ့ပြီးဖြစ်သည်။
သုခဒဂုံပြည်သူ့အငှားအိမ်ရာရှိ အခန်းများ၏ တစ်လငှားရမ်းခနှုန်းထားများမှာ ပထမထပ် ၆၇,၀၀၀ ကျပ်၊ ဒုတိယထပ် ၆၀,၀၀၀ ကျပ်၊ တတိယထပ် ၅၅,၀၀၀ ကျပ်နှင့် စတုတ္ထထပ် ၄၆,၀၀၀ ကျပ်တို့ဖြစ်ကြောင်း ကနဦးကြေညာထားချက်အရ သိရသည်။