၁၅. ၃. ၂၀၂၄
Written by Pan Ei
ဗီယက်နမ်နိုင်ငံအလယ်ပိုင်း ခန်ဟိုအာပြည်နယ်၊ နာထရန်းမြို့က ကြက်သားထမင်း (Chicken Rice) စားသောက်ဆိုင်တစ်ခုမှာ စားသောက်ခဲ့ကြတဲ့ လူပေါင်း ၁၉၅ ဦးကို ဆေးရုံ ပို့ဆောင်ခဲ့ရပြီး သူတို့ဟာ အစာအဆိပ်သင့်မှုခံစားနေကြရတယ်လို့ ယူဆရကြောင်း ဒေသဆိုင်ရာ မီဒီယာတွေက ဒီနေ့မှာ ဖော်ပြခဲ့ကြပါတယ်။
အစာအဆိပ်သင့်သူတွေထဲက တချို့မှာ ဒေသဆိုင်ရာ ဆေးရုံ ၁၂ ရုံနဲ့ ဆေးကုသရေးဌာနတွေမှာ ကုသမှုခံယူနေပြီး တချို့ကို အိမ်တွင်းကုသမှုအတွက် ဆေးဝါးတွေ ပေးထားကြောင်း ဗီယက်နမ်သတင်းအေဂျင်စီတစ်ခုက ဖော်ပြခဲ့ပါတယ်။
အာဏာပိုင်တွေက ဗုဒ္ဓဟူးနေ့ညက အစာအဆိပ်သင့်မှု ခံစားခဲ့ရတဲ့ ခရီးသွားတွေနဲ့ ဒေသခံတွေအပါအဝင် ပထမဆုံး လူပေါင်း ၆၀ ကို မှတ်တမ်းတင်ခဲ့ပြီး သူတို့အားလုံးဟာ Tram Anh လို့ အမည်ရတဲ့ ကြက်သားထမင်းဆိုင်မှာ စားသောက်ခဲ့ကြတယ်လို့ သိရသလို ကြာသပတေးနေ့မွန်းလွဲပိုင်းမှာတော့ အစာအဆိပ်သင့်သူတွေကို ထပ်မံတွေ့ရှိခဲ့ရတာဖြစ်တယ်လို့ နာထရန်း ကျန်းမာရေးဌာနက ထုတ်ပြန်ခဲ့ပါတယ်။
အဲ့ဒီစားသောက်ဆိုင်ပိုင်ရှင်ဟာ အရောင်းစာချုပ်တွေအပြင် အစားအသောက်တွေမှာပါတဲ့ ပါဝင်ပစ္စည်းတွေနဲ့ ပတ်သက်တဲ့ တခြားစာရွက်စာတမ်းတွေကိုလည်း ပြသနိုင်မှု မရှိခဲ့ဘဲ ကျန်းမာရေးဝန်ကြီးဌာနရဲ့ အစားအသောက်ဘေးကင်းရေးဌာနက စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နိုင်အောင် စားသောက်ဆိုင်ကို ယာယီပိတ်ထားဖို့ ဒီနေ့မှာ အမိန့်ထုတ်ပြန်ခဲ့ပါတယ်။
Ref; New Straits Times