၁၅.၃.၂၀၂၄
Written by Hey Mar
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မိုင်းနားရပ်ကွက် လမ်းဆုံတစ်ခုမှာ ခြောက်ဘီးကားနှစ်စီး မတော်တဆ တိုက်မိပြီး နှစ်ဖက်ယာဥ်ပေါ်ပါ စီးနင်းလိုက်ပါလာသူ ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အမျိုးသားတစ်ဦးမှာ ပြင်းထန်ဒဏ်ရာ ရရှိခဲ့တဲ့ဖြစ်စဉ် ဒီနေ့ မတ်လ ၁၅ ရက် နေ့လယ် ၁ နာရီကျော်အချိန်က ဖြစ်ပွားခဲ့တယ်လို့ မြေပြင်အကူအညီသွားရောက်ခဲ့တဲ့ မြန်မာ နိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့၊ ကချင်ပြည်နယ်ရုံးထံမှ သိရပါတယ်။
ဖြစ်စဉ်မှာ အုတ်ဖုတ်လုပ်ငန်းက ထင်းတိုက်လာတဲ့ကားနဲ့ သဲတင်လာတဲ့ကားနှစ်စီး လမ်းဆုံအဝိုင်းကို ပတ်ရာကနေ ကားသမား အချင်းချင်းလမ်းကြောအယူအဆ နားလည်မှုလွဲမှားပြီး မျက်နှာချင်းဆိုင်တိုက်မိတာလို့ သိရပါတယ်။ အဆိုပါယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် အမျိုးသမီး ငါးဦး၊ အမျိုးသားတစ်ဦးနဲ့ တစ်နှစ်ကျော်အရွယ် ကလေးငယ် တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ ကချင်ပြည်နယ်ရုံးမှ တာဝန်ရှိသူက “ထင်းတိုက်လာတဲ့ အုတ်ဖိုက ကားပေါ်မှာ အိပ်လိုက်လာတဲ့ အမျိုးသားလူနာကတော့ဒဏ်ရာပြင်းတယ်။ ကျောရိုးထိသွားလို့ ခွဲစိတ်မှုဆောင်ရွက်နေပါတယ်။ ကလေးငယ်လေးကလည်း ပွန်းပဲ့ဒဏ်ရာလောက်ပဲရတာပါ။ ကျန်အမျိုးသမီးတွေလည်း ခြေဆစ်လွဲသူ ပွန်းပဲ့သူတွေလောက်ပါပဲ။ ကားမောင်းသမားတွေ နှစ်ဦးစလုံး ဘာမှမဖြစ်ပါဘူး။ သဲတင်လာတဲ့ကားက ထင်းတင်ကားကို ဝင်တိုက်တာပါ”လို့ MT News ကို ပြောပါတယ်။
အခင်းဖြစ်နေရာကို သက်ဆိုင်ရာတာဝန်ရှိသူတွေရဲ့ စီစဉ်ညွှန်ကြားချက်နဲ့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ကချင်ပြည်နယ်ရုံးက ပရဟိတအဖွဲ့ဝင်တွေက သွားရောက်ခဲ့ကာ ထိခိုက်ဒဏ်ရာရရှိသူတွေကို မြေပြင်ကူညီပြုစုမှုတွေ ပြုလုပ်ပေးခဲ့ပြီး မြစ်ကြီးနားဆေးရုံကြီးပြင်ပလူနာဌာနကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။