၁၅. ၃. ၂၀၂၄
Written by Pan Ei
ထိုင်းနိုင်ငံ နာခွန်စီသမ်မာရတ်မြို့မှာ ရည်းစားဟောင်းဖြစ်သူ TikTok ဆယ်လီ မြန်မာအမျိုးသမီးကို ရည်ရွယ်ချက်ရှိရှိ လူသတ်မှု၊ အလောင်းဖျောက်မှု ကျူးလွန်ခဲ့တဲ့ ထိုင်းအမျိုးသားကို ဖမ်းဆီးခဲ့တယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့ကြောင်းကို ထိုင်းသတင်းဌာနတွေက မနေ့က ဖော်ပြခဲ့ပါတယ်။
နာခွန်စီသမ်မာရတ်မြို့က ရဲစခန်းမှူး ရဲမှူးကြီး ကစ်တီချိုင်း ကရိန်နာရာ နဲ့ စုံစမ်းစစ်ဆေးရေး အရာရှိတွေဟာ အသက် ၃၂ နှစ်အရွယ် မြန်မာအမျိုးသမီး သူဇာအောင် (ခေါ် ) Nong Sa ကို သတ်ပြီး နာခွန်စီသမ်မာရတ် ဘုရားကျောင်း အနောက်ဘက်က စွန့်ပစ်ထားတဲ့ရေကန်ထဲမှာ အလောင်းဖျောက်ခဲ့တဲ့ သံသယရှိသူ အသက် ၂၇ နှစ်အရွယ် Pitthaya Bunyatsak (ခေါ်) နိုင်း ဆိုသူကို ကနဦးက ဖူးခက်ကို ထွက်ပြေးသွားတယ်လို့ ယူဆခဲ့ကြပေမဲ့ နာခွန်စီသမ်မာရတ်၊ သောင်ယိုင်ခရိုင်၊ ကူရာခရိုင်ခွဲမှာရှိတဲ့ နေအိမ်တစ်လုံးကနေ သူ့ကို ဖမ်းဆီးမိခဲ့တာဖြစ်ပါတယ်။
စုံစမ်းမှုတွေအရ Nong Sa ပျောက်သွားတဲ့နေ့မှာ နိုင်းဟာ သူမ ပိုင်ဆိုင်တဲ့ ဆိုင်ကယ်ကို စီးနင်းလာတာကို စီစီတီဗီမှတ်တမ်းတွေထဲမှာ တွေ့ရပြီး သူမရဲ့ ရွှေဆွဲကြိုးကိုလည်း ခိုးလာခဲ့ကာ ရွှေဆိုင်မှာ သွားရောင်းခဲ့ပါတယ်။ ဒါ့အပြင် Nong Sa ရဲ့ သူငယ်ချင်းတွေ ပြောကြားချက်အရ နိုင်းဟာ မကြာသေးမီက သူမကို ဘတ်ငွေ ၁၀၀၀၀၀ ချေးဖို့ တောင်းဆိုခဲ့ဖူးပြီး သူတို့နှစ်ဦးသားလမ်းခွဲခဲ့ချိန်မှာတော့ သူမက ပိုက်ဆံပြန်ပေးဖို့တောင်းဆိုခဲ့ပေမဲ့ နိုင်းက မပေးခဲ့ဘူးလို့ သိရပါတယ်။
သံသယရှိသူက Nong Sa ကို သတ်ခဲ့တဲ့ ဖြစ်စဉ်ကို ဝန်ခံခဲ့ပြီး သဝန်တိုစိတ်နဲ့ ဒေါသစိတ်ကြောင့် အခုလိုလုပ်ခဲ့ခြင်းဖြစ်ကာ သူတစ်ယောက်ထဲ ပြုလုပ်ခဲ့တာလို့လည်း ဝန်ခံထွက်ဆိုခဲ့ပါတယ်။
ဒါပေမဲ့ Nong Sa အသတ်ခံရတဲ့ ဖြစ်စဉ်မှာ လူတစ်ယောက်ထဲက လုပ်တယ်ဆိုတဲ့အချက်အပေါ် သံသယဖြစ်စရာတွေ ရှိနေခဲ့ပြီး Nong Sa ငှားနေတဲ့ အိမ်ရဲ့ပိုင်ရှင်နဲ့ အလုပ်ရှင်ဖြစ်သူကို တာဝန်ရှိသူတွေက စုံစမ်းမေးမြန်းဖို့ ကြိုးပမ်းခဲ့ပေမဲ့ အိမ်ရှင်ဟာ အလွန်အမင်းဒေါသထွက်ကာ သူမရဲ့ မိသားစုတွေကပါ အရာရှိတွေကို ကျယ်လောင်စွာ အော်ငေါက်တဲ့အထိ ဖြစ်ခဲ့ရပါတယ်။
TikTok ကြယ်ပွင့်တစ်ဦးဖြစ်ပြီး လှပတဲ့ မြန်မာမိန်းကလေး သူဇာအောင် (ခေါ် ) Nong Sa ဟာ ဒေသတွင်း ကော်ဖီဆိုင်မှာ လုပ်ကိုင်ခဲ့တဲ့အပြင် ဟွိုင်ဘရခ်ဈေးမှာ လတ်လတ်ဆတ်ဆတ်ကြက်သားတွေ ရောင်းချခြင်းနဲ့လည်း သူမရဲ့ ဝင်ငွေကို ဖြည့်တင်းခဲ့ကာ သူမဟာ ရွှင်လန်းဖော်ရွေပြီး အမြဲတောက်ပတဲ့ စိတ်ထားရှိတဲ့သူလို့ သိတဲ့သူတွေက သူမကို အမှတ်ရကြပါတယ်။
Ref; Newsdirectory3, The Thaiger