၁၄. ၃. ၂၀၂၄
Written by Pan Ei
မြန်မာနိုင်ငံက ဝေးလံခေါင်သီတဲ့ အရပ်ဒေသက လယ်သမားတွေဟာ ဘိန်းအစေးထုတ်ဖို့အတွက် စိမ်းပြာရောင် အစေ့အစံတွေကို အနည်းငယ်ဖြတ်တောက်ကာ လယ်ကွင်းတွေအတွင်း တန်းစီ လှုပ်ရှားနေကြပါတယ်။
နောက်နေ့ မနက်မှာတော့ တစ်ညလုံး စိမ့်ထွက်လာတဲ့ အကြွင်းအကျန်တွေကို စုဆောင်းပြီး ဘိန်းစေးအထုပ်တွေထုပ်ကာ ဘိန်းဖြူထုတ်လုပ်တဲ့ အဆောက်အဦတွေကို ပို့ပေးသွားမှာဖြစ်ပါတယ်။
မြန်မာနိုင်ငံဟာ တာလီဘန်အစိုးရရဲ့ တားမြစ်ချက်ကြောင့် အာဖဂန်နစ္စတန်နိုင်ငံမှာ ဘိန်းစိုက်ပျိုးမှု ၉၅ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ပြီးနောက် ၂၀၂၃ ခုနှစ်မှာ ကမ္ဘာ့ဘိန်းအများဆုံး စိုက်ပျိုးထုတ်လုပ်သူ ဖြစ်လာခဲ့တယ်လို့ ကုလသမဂ္ဂ (UN) က ဆိုပါတယ်။
အဆိုပါ ဘိန်းပင်တွေကို မြန်မာနိုင်ငံ နယ်စပ်ဒေသက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ရာဇ၀တ်သားတွေက ဘိန်းဖြူအဖြစ် အသွင်ပြောင်းလာတာ ကြာမြင့်ခဲ့ပြီ ဖြစ်ပြီး ဒေါ်လာဘီလျံနဲ့ချီတဲ့ ကုန်သွယ်မှုတွေကို တရားဥပဒေစိုးမိုးရေးကလည်း မျက်ကွယ်ပြုနေခဲ့တယ်လို့ လေ့လာသုံးသပ်သူတွေက ဆိုပါတယ်။
၂၀၂၁ ခုနှစ်က မြန်မာနိုင်ငံမှာ အာဏာအငြင်းပွားမှု ဖြစ်ပွားပြီးကတည်းက နိုင်ငံတဝှမ်းမှာ လူမှုရေးနဲ့ စီးပွားရေး မတည်ငြိမ်မှုတွေ၊ လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပွားခဲ့ကာ ဝင်ငွေရရှိဖို့ ရုန်းကန်နေရတဲ့ တောင်သူတချို့အတွက်လည်း ပိုအရေးကြီးလာခဲ့ပါတယ်။
“မကြာသေးမီနှစ်တွေအတွင်းက ဘိန်းစိုက်ခဲ့တာ နည်းနည်းပဲရှိတယ်။ ဒီနှစ်မှာတော့ သုံးဧက စိုက်ခဲ့တယ်” လို့ ရှမ်းနဲ့ ကရင်ပြည်နယ် နယ်စပ်က တောင်ကုန်းတွေ ဝန်းရံထားတဲ့ လယ်ကွင်းကျယ်ကြီးထဲက ဦးအောင်မိုးဦးက အေဖက်ဖ်ပီကို ပြောပါတယ်။
ဒီသုံးဧက ကနေ ဘိန်းစေး ၁၆ ကီလိုဂရမ်ခန့် အထွက်နှုန်းကောင်းဖို့ မျှော်လင့်ထားပြီး အမေရိကန်ဒေါ်လာ ၄၅၀၀ (မြန်မာငွေ သိန်း ၁၅၀ နီးပါး) နဲ့ ရောင်းချဖို့ သူက မျှော်လင့်ထားပါတယ်။
တရားဥပဒေစိုးမိုးရေးဆိုတဲ့ မေးခွန်းကိုတော့ ဦးအောင်မိုးဦးက ပခုံးတွန့်ခဲ့ပြီး “ဘိန်းစိုက်တာက ငါတို့မိသားစုအတွက် အသက်မွေးဝမ်းကြောင်းပြုဖို့ အကောင်းဆုံးနည်းလမ်းပဲ” လို့ သူက ပြောခဲ့ပါတယ်။
စစ်အစိုးရနဲ့ အတိုက်အခံတွေအကြားက ပဋိပက္ခတွေကြောင့် အိမ်တွေ၊ လယ်ကွင်းတွေကို စွန်ခွာခဲ့ရသူတွေထဲမှာ စပါး၊ ပြောင်း၊ ပဲနဲ့ ထောပတ်သီးတို့ကို စိုက်ပျိုးလေ့ရှိတဲ့ ဒေသက လယ်သမားတစ်ဦးဖြစ်သူ ဒေါ်အေးအေးသိန်းလည်း အပါအဝင်ဖြစ်ခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ အာဏာအငြင်းပွားမှုဖြစ်စဉ်ဖြစ်ပွားပြီးနောက်ပိုင်း ပဋိပက္ခတွေကြောင့် လူဦးရေ နှစ်သန်းနီးပါး အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။
ဒေါ်အေးအေးသိန်း နေအိမ်က မထွက်ခွာမီကပင် ပြည်တွင်း ကျပ်ငွေတန်ဖိုး ကျဆင်းမှုကြောင့် ဓာတ်မြေသြဇာလိုမျိုး စိုက်ပျိုးရေးအတွက် လိုအပ်တာတွေ ဝယ်ယူဖို့က ပိုမိုစျေးကြီးခဲ့တယ်လို့ ဆိုပါတယ်။
“နိုင်ငံရေး အခြေအနေတွေ ပြောင်းလဲလာပြီး တိုက်ပွဲတွေ များလာတဲ့အခါ ကိုယ့်နယ်ပယ်မှာ ဘာတစ်ခုမှ စိုက်ပျိုးလို့ မရဘူး” လို့ သူမ ပြောပါတယ်။
ဒေါ်အေးအေးသိန်းရဲ့ ပြောကြားချက်ကို လယ်သမား ဦးအောင်မိုးဦးက သဘောတူခဲ့ပြီး “ကျွန်တော်တို့ရဲ့ ကောက်ပဲသီးနှံတွေကို ပွဲစားတွေဆီ ပို့ဖို့ဆိုရင် ကျွန်တော်တို့ မတတ်နိုင်တဲ့ စရိတ်တွေ အများကြီးရှိတယ်။ ဒါကြောင့် ဒီနှစ် စပါးအစား ဘိန်းပန်းတွေ စိုက်တယ်” လို့ သူက ဆိုပါတယ်။
နိုင်ငံအတွင်း ပြင်းထန်တဲ့ ပဋိပက္ခတွေဟာ သယ်ယူပို့ဆောင်ရေးအတွက် အနှောက်အယှက်ဖြစ်ပြီး အဓိက ၀င်ငွေရရှိတဲ့လုပ်ငန်းဖြစ်တဲ့ ဆန်နဲ့ ပြောင်းလိုမျိုး လယ်ယာထွက်ကုန်တွေ တင်ပို့မှုကို နှောင့်နှေးစေတယ်လို့လည်း ကမ္ဘာ့ဘဏ်က ၂၀၂၃ ခုနှစ်နှောင်းပိုင်းမှာ ဖော်ပြခဲ့ပါတယ်။
တစ်ချိန်တည်းမှာပဲ ဘိန်းစိုက်ပျိုးမှုက ပိုမိုခေတ်မီလာတယ်လို့ ကုလသမဂ္ဂက ပြောကြားခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုတွေနဲ့ စိုက်ပျိုးရေးတွေ တိုးမြင့်လာကာ ဘိန်းအထွက်နှုန်းကို တိုးမြင့်လာစေခဲ့တာပါ။
မြန်မာနိုင်ငံဟာ ၂၀၂၃ ခုနှစ်တုန်းက ဘိန်း မက်ထရစ်တန်ချိန် ၁၀၈၀ ခန့် ထုတ်လုပ်ခဲ့ကြောင်း မူးယစ်ဆေးဝါးနဲ့ ရာဇ၀တ်မှုဆိုင်ရာ ကမ္ဘာ့အဖွဲ့ရုံးက ထုတ်ပြန်ချက်အရ သိရပါတယ်။
ရှမ်းပြည်နယ် တောတောင်လျှိုမြောင်တွေကြား ဝှက်ပြီးတည်ဆောက်ထားတဲ့ စက်ရုံတွေမှာ ဘိန်းဖြူအဖြစ် သန့်စင်ပြီး အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံကတစ်ဆင့် မှောင်ခိုတင်သွင်းကာ ကမ္ဘာ့ဈေးကွက်ကို တင်ပို့ရောင်းချကြပါတယ်။
ဒါပေမဲ့ ဦးအောင်မိုးဦးက သူ့နိုင်ငံဟာ အခု ကမ္ဘာမှာ မူးယစ်ဆေးဝါး အများဆုံး ထုတ်လုပ်တဲ့နိုင်ငံ ဖြစ်နေတယ်ဆိုတာ သတိမထားမိဘူးလို့ ပြောပါတယ်။
ဒါပေမဲ့ ပဋိပက္ခကို အဆုံးမသတ်နိုင်ပါက သူ့ဒေသမှာ ဒီနှစ်အတွက် ရိတ်သိမ်းချိန်မှာတော့ ဘိန်းထုတ်လုပ်မှုက ပိုကြီးနိုင်မယ်လို့ ဦးအောင်မိုးဦး က ထင်မြင်ယူဆလျက်ရှိကာ “အိုးမဲ့အိမ်မဲ့တွေ ပိုများလာပြီး တခြားအလုပ်တွေ မလုပ်နိုင်ဘူး” လို့ သူက ဆက်လက်ပြောကြားခဲ့ပါတယ်။
Ref; AFP