၁၄. ၃. ၂၀၂၄
Translated by Htwe Ko Tun
(ထိုင်းနိုင်ငံ Mahidol တက္ကသိုလ်၊ အပြည်ပြည်ဆိုင်ရာကောလိပ်မှ လူမှုသိပ္ပံဌာနခွဲဥက္ကဋ္ဌနှင့် လက်ထောက်ပါမောက္ခ William J Jones က East Asia Forum တွင် ရေးသားချက်အား ဆီလျော်သလို ကောက်နုတ် ပြန်ဆိုပါသည်။)
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ်တွေအတွင်းဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေ၊ အကြမ်းဖက်မှုတွေ၊ အပြောင်းအလဲ အခြေအနေတွေကို အိမ်နီးချင်း နိုင်ငံတချို့က ထောက်ခံနေမှုကြောင့် ပိုမိုတင်းမာလာနေရပါတယ်။ ဒါကြောင့်လည်း မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးအခြေအနေတိုးတက်စေဖို့ ဒေသတွင်းအင်အားကြီးတဲ့နိုင်ငံတချို့ဟာလည်း မြန်မာနိုင်ငံရဲ့ ပဋိပက္ခအပေါ် သူတို့ရဲ့ ရပ်တည်ချက်တွေကို ပြုပြင်ပြောင်းလဲ လာခဲ့ကြပါတယ်။
သိသိသာသာမြင်နိုင်တာကတော့ ထိုင်းနိုင်ငံရဲ့အစိုးရသစ်က မြန်မာနိုင်ငံရဲ့ အကျပ်အတည်းအခြေအနေကို ဖြေရှင်းနိုင်ဖို့ အာဆီယံ ခေါ် အရှေ့တောင်အာရှနိုင်ငံများအသင်းရဲ့အများ သဘောတူဆန္ဒငါးချက်အတိုင်းဆောင်ရွက်ဖို့ ထောက်ခံလာ တာပါပဲ။ ဒါကဘာကိုညွှန်ပြနေသလဲဆိုတော့ မြန်မာအစိုးရအနေနဲ့ အာဆီယံရဲ့အထောက်အကူနဲ့ အကျပ်အတည်းပြဿနာကို ပြည်တွင်းမှာပဲ ဖြေရှင်းဖို့အတွက် ကျယ်ပြန့်တဲ့ ဒေသဆိုင်ရာ အများသဘောတူညီချက်ကို ညွှန်ပြနေခြင်းလို့ပဲ ဆိုရမှာပါ။ ဒါက မြန်မာအစိုးရအတွက် ဘယ်လို မသေချာမှုတွေ ဖြစ်စေနိုင်ပါမည်လဲ။
မကြာသေးမီလတွေက မြန်မာနိုင်ငံအတွင်းမှာ တပ်မတော်အနေနဲ့ ကွဲပြားတဲ့ဒေသတွေမှာ လူမျိုးစု လက်နက်ကိုင်တပ်ဖွဲ့တွေကို တစ်ပြိုင်တည်း ရင်ဆိုင်ခဲ့ရတာက နိုင်ငံအတွင်းအကြမ်းဖက်မှုတွေကို လျင်မြန်စွာ ပျံ့နှံ့စေခဲ့ပါတယ်။ ရှမ်းပြည်မြောက်ပိုင်းမှာ လူမျိုးစု လက်နက်ကိုင်တပ်ဖွဲ့သုံးဖွဲ့၊ နိုင်ငံ့တောင်ပိုင်းမှာ KNU နဲ့ နိုင်ငံအနောက်ပိုင်းမှာ AA လက်နက်ကိုင်တွေကို တပ်မတော်က တစ်ပြိုင်တည်းရင်ဆိုင်နေရပါတယ်။
အစိုးရဆန့်ကျင်ရေးအင်အားစုတွေ အားကောင်းလာမှုနဲ့ အောင်မြင်မှုတွေရရှိလာတာက အာဆီယံအဖွဲ့ကိုပါ ခြိမ်းခြောက်လာပါတယ်။ နိုင်ငံ့အနောက်ပိုင်း၊ ရခိုင်ပြည်နယ်အတွင်းတိုက်ပွဲတွေက စိုးရိမ်စိတ်တွေကို ပြည့်လျှံလာစေခဲ့ပြီး အိန္ဒိယနိုင်ငံဆိုရင် သူ့နိုင်ငံအတွင်းဆုတ်ခွာလာတဲ့ မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်တချို့ကို ပြန်ပို့ပေးခဲ့ရသလို မြန်မာနိုင်ငံနဲ့နယ်စပ်ကိုလည်း သူ့ဘက်က တပ်အင်အားဖြည့်လို့ထားခဲ့ရပါတယ်။
◾ ထိုင်းအစိုးရ၏ မူဝါဒအပြောင်းအလဲအပေါ် ကြီးမားသောစိတ်ဝင်စားမှုများ
ထိုင်းနိုင်ငံမှာ အရင် ဝန်ကြီးချုပ် ပရာယွတ် လက်ထက်က ထိုင်းနိုင်ငံဟာ အာဆီယံအတွင်း သင်းကွဲ အဖွဲ့ဝင်နိုင်ငံဖြစ်ခဲ့ရတယ်လို့ဆိုရမှာပါ။ ထိုစဉ်က ထိုင်းအစိုးရက အာဆီယံရဲ့ အများသဘောတူဆန္ဒငါးချက်ကိုထောက်ခံတယ်ဆိုတာလည်း နှုတ်အားဖြင့်သာရှိခဲ့တာပါ။ ထိုင်းနိုင်ငံအတွင်း နယ်စပ်ကိုဖြတ်လို့ ပြေးဝင်လာသူ အရပ်သားတွေကို ပြန်ပို့ခဲ့ပါတယ်။ လက်နက်ကိုင်သူပုန်တွေကို ဗုံးကြဲရာမှာ မြန်မာ့တပ်မတော် လေယာဉ်တွေကို ထိုင်းလေပိုင်နက်ထဲဖြတ်ပျံသန်းခွင့်ပေးခဲ့ပါတယ်။ မြန်မာနိုင်ငံက နစကအစိုးရနဲ့ တပ်မတော်ကို ထောက်ခံခဲ့ပါတယ်။
ထိုင်းအစိုးရသစ်လက်ထက်မှာတော့ ဝန်ကြီးချုပ် ဆရက်သာ သာဗစ်ဆင်က မြန်မာနိုင်ငံသို့ ထိုင်းအစိုးရရဲ့ နိုင်ငံခြားရေးမူဝါဒကို ပြောင်းခဲ့ပါတယ်။ ဒီပြောင်းလဲမှုက အာဆီယံအလှည့်ကျဥက္ကဋ္ဌ လာအိုနိုင်ငံရဲ့ သံခင်းတမန်ခင်းဆောင်ရွက်မှုနဲ့လည်း ကိုက်ညီဆီလျော်ပါတယ်။ အခုအခါမှာတော့ ထိုင်းအစိုးရသစ်က ယခင်အစိုးရရဲ့ ရပ်တည်ချက်တွေကိုစွန့်လွှတ်ကာ အာဆီယံရပ်တည်ချက်တွေကို အလေးထားလာပါ တယ်။
အခုအခါမှာဆိုရင် ထိုင်းအစိုးရက အာဆီယံရဲ့ အများသဘောတူဆန္ဒငါးချက်ကို အကောင်အထည်ဖော်ဖို့ အပြည့်အဝ ကတိပြုခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ ပြဿနာကို မြန်မာနိုင်ငံသားတို့ကသာဖြေရှင်းခြင်းဖြင့် ငြိမ်းချမ်းရေးရယူရမယ်လို့ ထိုင်းအစိုးရက ထပ်ခါထပ်ခါပြောခဲ့ပါတယ်။ ဒီအချက်နှစ်ချက်က မြန်မာနိုင်ငံရဲ့ပြဿနာကို အာဆီယံရဲ့အထောက်အကူနဲ့ ပြည်တွင်းမှာသာဖြေရှင်းဖို့ဆိုတာကို ဖော်ညွှန်းနေတာပါပဲ။
ဒေသဆိုင်ရာ အပြောင်းအလဲငယ်လေးတွေဖြစ်ပေါ်နေခဲ့ရာကနေ ဒီတစ်ကြိမ် အပြောင်းအလဲကတော့ မြန်မာနိုင်ငံအပေါ် ကြီးမားတဲ့သက်ရောက်မှုဖြစ်စေမယ်လို့ ယူဆရပါတယ်။ ဒီသက်ရောက်မှုကြောင့် မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုတွေကိုထိန်းချုပ်နိုင်ကာ ၂၀၂၄ ခုနှစ်အကုန်မှာတော့ လုံးဝအဆုံးသတ်ဖို့ မျှော်လင့်ချက်ကြီးမားစွာလည်း ထားမိပါတယ်။ လွမ်ပရာဘန်မြို့မှာ ကျင်းပခဲ့တဲ့ အာဆီယံနိုင်ငံခြား ရေးဝန်ကြီးများအစည်းအဝေးကထုတ်ပြန်ချက်မှာလည်း အာဆီယံက မြန်မာနိုင်ငံကို တစ်ညီတစ်ညွတ်ထဲနဲ့ ညီမျှစွာပြုမှုဆက်ဆံဖို့ကို တိုက်တွန်းခဲ့ပါတယ်။ အဲဒီအစည်းအဝေးကို မြန်မာအစိုးရရဲ့ အာဆီယံဆိုင်ရာ အမြဲတန်းအတွင်းရေးမှူး ဒေါ်မာလာသန်းထိုက် တက်ရောက်ခဲ့ပါတယ်။ ဒါကလည်း ၂၀၂၁ ခုနှစ်မှာ နစက အစိုးရ အာဏာရယူပြီးနောက် မြန်မာနိုင်ငံက အာဆီယံအဆင့်မြင့်အစည်းအဝေးတွေကို ပထမဆုံးပြန်လည်တက်ရောက်တာပါပဲ။
အာဆီယံအလှည့်ကျဥက္ကဋ္ဌသစ် လာအိုရဲ့ မြန်မာနိုင်ငံအပေါ် ပိုမိုပျော့ပြောင်းတဲ့ ချဉ်းကပ်ဆောင်ရွက်မှုကလည်း အကျိုးအမြတ်တွေရရှိမယ့်ပုံ ပေါ်ပါတယ်။ ထိုင်းနိုင်ငံကလည်း နှစ်နိုင်ငံနယ်စပ်ရှိ မဲဆောက်မြို့မှာ လူသားချင်းစာနာထောက်ထားတဲ့အကူအညီတွေကို ၂၀၂၄ ခုနှစ် မတ်လကစလို့ ဖြန့်ဝေပေးသွားဖို့ စီစဉ်ထားပြန်ပါတယ်။ ဒီအစီအစဉ်အရ လူ ၂၀,၀၀၀ လောက်ကို ထောက်ပံ့ပေးနိုင်ဖို့ခန့်မှန်းပါတယ်။
ဒါပေမယ့် ထိုင်းနိုင်ငံနယ်စပ်မှာရှိနေတဲ့ လူမျိုးစုလက်နက်ကိုင်အုပ်စုတွေအားလုံးက ထိုင်းအစိုးရရဲ့လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးအစီအစဉ်ကို မထောက်ခံကြပါဘူး။ ဒါကလည်း ထိုင်းစစ်တပ်အနေနဲ့ ဒီလူမျိုးစုသူပုန်တွေအပေါ် လုံလောက်တဲ့သြဇာလွှမ်းမိုးမှုပြုမထားနိုင်ခြင်းနဲ့အတူ ထိုင်းအစိုးရရဲ့ အစီအစဉ်နဲ့ပတ်သက်လို့ စိတ်ဝမ်းကွဲမှုတွေရှိနိုင်တယ်ဆိုတာ ပြတာပါပဲ။ ထိုင်းအစိုးရက သူ့ရဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးအစီအစဉ်ကို ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပြီး အထောက်အကူပစ္စည်းတွေကို နိုင်ငံရေးအရ ပြုမူမှု လုံးဝမပါဘဲ ဖြန့်ချိပေးသွားမယ်လို့ ဆိုခဲ့ပါတယ်။ သို့သော်လည်း ပြည်တွင်းပဋိပက္ခဖြစ်နေတဲ့ နိုင်ငံတစ်နိုင်ငံအတွင်း ဒီလိုဆောင်ရွက်မှုက တွေ့ရခဲတယ်လို့လည်း ဆိုကြပါတယ်။
အခုလို မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းတွေအကြား မြန်မာနိုင်ငံနဲ့ပတ်သက်လို့ မူဝါဒအပြောင်းအလဲတွေဖြစ်ခဲ့တာ၊ ဒေသတွင်းမဟာမိတ်တွေရဲ့ တုံ့ပြန်ဖိအားပေးမှုတွေက မြန်မာအစိုးရအတွက်တော့ ကောင်းတဲ့ နိမိတ်တွေပဲလို့ ပြောလို့တော့မရပါဘူး။ မြန်မာနိုင်ငံအတွင်း ၂၀၂၄ ခုနှစ်မှာ ဆူပူမှုတွေ တိုးတက်လာခဲ့ခြင်းက ဒေသလုံခြုံရေးအတွက်တာဝန်ရှိတဲ့ အာဆီယံအနေနဲ့ မြန်မာနိုင်ငံအရေးဖြေရှင်းဖို့ သူ့ရဲ့မိတ်ဖက်နိုင်ငံတွေ၊အဖွဲ့အစည်းတွေ ဖြစ်တဲ့ အာဆီယံနဲ့ မိတ်ဖက်သုံးနိုင်ငံ၊ အာဆီယံဒေသဆိုင်ရာဖိုရမ်နဲ့ အရှေ့အာရှ ထိပ်သီးအစည်းအဝေး စတာတို့နဲ့ ညှိနှိုင်းဆောင်ရွက်မယ့် လက္ခဏာရှိလာပါတယ်။
ဒီနိုင်ငံတွေ၊ အဖွဲ့အစည်းတွေက စီးပွားရေးဆိုင်ရာ၊ အပြည်ပြည်ဆိုင်ရာနိုင်ငံရေးနယ်ပယ်ဆိုင်ရာနဲ့ လူ့အခွင့်အရေးထောက်ပံ့မှုဆိုင်ရာတို့မှာ သြဇာအရှိန်အဝါ အားကောင်းကြတဲ့အတွက် ပဋိပက္ခအခြေအနေကို ပြေလျော့စေပြီး မြန်မာနိုင်ငံရဲ့ ပဋိပက္ခမှာ ပါဝင်နေတဲ့ အဖွဲ့အစည်းအားလုံးကို ရန်လိုတိုက်ခိုက်မှုတွေ အဆုံးသတ်စေမှာပါ။
လက်ရှိအခြေအနေအရ သုံးသပ်ရရင် မြန်မာနိုင်ငံအတွင်း တပ်မတော်အနေနဲ့လည်း အာဏာကို ဆက်လက်ရယူထားဖို့ ခက်ခဲမယ့်အခြေအနေကြောင့် အာဏာလွှဲပြောင်းမှုတွေပြုနိုင်သလို နိုင်ငံတွင်း အကျပ်အတည်းအခြေအနေကလည်း သိပ်မကြာတဲ့ကာလအတွင်း အဆုံးသတ်မယ့်ပုံစံရှိနေပါတယ်။ ပြောင်းလဲလာတဲ့ အာဆီယံရဲ့မူဝါဒတွေက မြန်မာနိုင်ငံအကျပ်အတည်းအခြေအနေကို အကောင်းဘက်သို့ ရောက်စေဖို့ သက်ရောက်မှုတွေရှိလိမ့်မယ်လို့ သုံးသပ်မိပါတယ်။