၉. ၃. ၂၀၂၄
Written by Ye Kyaw
နိုင်ငံခြားငွေကြေးဈေးကွက်အတွင်း ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များအတွက် မတ်လ ၁၁ ရက် (တနင်္လာနေ့)တွင် Online Trading Platform မှတစ်ဆင့် ထိုင်းဘတ်သန်း ၅၀ ထပ်မံရောင်းချပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။
ဗဟိုဘဏ်အနေဖြင့် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များအတွက် Online Trading Platform မှတစ်ဆင့် နိုင်ငံခြားငွေများ ရောင်းချပေးမှုသည် ဖေဖော်ဝါရီ ၂ ရက်တွင် ဒေါ်လာ ၅ သန်းနှင့် ထိုင်းဘတ်သန်း ၅၀၊ မတ်လ ၅ ရက်တွင် တရုတ်ယွမ် ၇ သန်းနှင့် ထိုင်းဘတ် ၁၂ သန်း ရောင်းချပေးထား၍ တစ်လကျော်အတွင်း Online Trading Platform မှတစ်ဆင့် နိုင်ငံခြားငွေ နှစ်ကြိမ်ရောင်းချပေးခဲ့မှု ဒေါ်လာ ၅ သန်း၊ တရုတ်ယွမ် ၇ သန်းနှင့် ထိုင်းဘတ် ၆၂ သန်း ထုတ်ရောင်းပေးထားသည်။
ထို့ပြင် Online Trading Platform မဟုတ်သည့် နိုင်ငံခြားငွေဈေးကွက်သို့ ဇန်နဝါရီ ၁ ရက်မှစ၍ မတ်လ ၄ ရက်အထိ နှစ်လကျော်အတွင်း ဒေါ်လာ ၁၅ ကြိမ်ထုတ်ရောင်းပေးထားပြီး အဆိုပါ ၁၅ ကြိမ်အတွင်း ဒေါ်လာ ၁၄၉ ဒသမ ၃၁ သန်း ထုတ်ရောင်းပေးထားသလို ဇန်နဝါရီ ၁၉ ရက်မှစ၍ မတ်လ ၄ ရက်အထိ တစ်လခွဲအတွင်း ထိုင်းဘတ်သန်း ၁၃၀၀ ထုတ်ရောင်းပေးထားသည်။
အလားတူ ဇန်နဝါရီ ၁ ရက်တွင် အမေရိကန်ဒေါ်လာ ၄ သန်းနှင့်ညီမျှသော တရုတ်ယွမ်ငွေအား SWAP Facility (ကျပ်ငွေကို အပေါင်ယူပြီး ၎င်းနှင့်ညီမျှသော နိုင်ငံခြားငွေထုတ်ပေးခြင်း) စနစ်ဖြင့် ဗဟိုဘဏ်က ထုတ်ရောင်းပေးထားခြင်းလည်းဖြစ်သည်။
နိုင်ငံခြားငွေဈေးကွက်သို့ မဟုတ်ဘဲ သီးခြားအနေဖြင့် လူသုံးကုန်နှင့် ဆေးဝါးကဏ္ဍ၊ လျှပ်စစ်ကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍနှင့် ဆက်သွယ်ရေးပိုင်းဆိုင်ရာ သွင်းကုန်လုပ်ငန်းရှင်များအတွက် ဒေါ်လာ ၁ ဒသမ ၄ သန်း၊ တရုတ်ယွမ် ၄ ဒသမ ၂ နှင့် ထိုင်းဘတ် ၁၃ ဒသမ ၅ သန်း ရောင်းချပေးခဲ့သလို စက်သုံးဆီတင်သွင်းသော ကုမ္ပဏီများအတွက် လိုအပ်သည့် ဒေါ်လာများကို နှစ်ကြိမ်ထုတ်ရောင်းပေးခဲ့မှု စုစုပေါင်းပမာဏ ဒေါ်လာ ၂၂ ဒသမ ၁၅ သန်းရှိကြောင်း သိရသည်။
ဖေဖော်ဝါရီလဆန်းပိုင်းတွင် ဒေါ်လာဆက်တိုက် ထုတ်ရောင်းပေးမှုကြောင့် တစ်ဒေါ်လာ ကျပ် ၃၅၀၀ သို့ ပြန်ကျဆင်းခဲ့သည့် ဒေါ်လာဈေး ဖေဖော်ဝါရီလ ဒုတိယအပတ်တွင် တစ်ဒေါ်လာ ကျပ် ၃၅၀၀ ကျော်သို့ ပြန်လည်မြင့်တက်လာ၍ ဗဟိုဘဏ်က ဒေါ်လာ ထပ်မံထုတ်ရောင်းချပေးခဲ့သော်လည်း ဖေဖော်ဝါရီ ၂၂ ရက်တွင် တစ်ဒေါ်လာ ၃၆၀၀ သို့ စတင်ရောက်ရှိခဲ့ပြီး ယနေ့တွင် တစ်ဒေါ်လာ ကျပ် ၃၆၁၀ ကျပ်အထိ ဆက်လက်ဖြစ်ပေါ်နေခြင်းဖြစ်သည်။
ပုံစာ- မတ်လ ၈ ရက် (ယမန်နေ့)က Online Trading Platform မှတစ်ဆင့် ရောင်းချခဲ့သည့် ငွေလဲလှယ်နှုန်းနှင့် နိုင်ငံခြားငွေပမာဏကို တွေ့ရစဉ်။