၉. ၃. ၂၀၂၄
Translated by Htwe Ko Tun
တောင်ကိုရီးယားနိုင်ငံတောင်ပိုင်း၊ ပင်လယ်ကမ်းခြေရှိ တုံဂျီအွန်ကျွန်း ကမ်းရိုးတန်းရေပြင်တွင် မတ်လ ၉ ရက် နံနက်က လူကိုးဦးလိုက်ပါလာသော ငါးဖမ်းစက်လှေတစ်စီး တိမ်းမှောက်ခဲ့ရာ ခုနှစ်ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း တောင်ကိုရီးယား ကမ်းခြေစောင့်တပ်ဖွဲ့က ပြောကြားခဲ့သည်။
အလေးချိန် ၂၉ တန်ရှိ အဆိုပါရေယာဉ်က တောင်ကိုရီးယားနိုင်ငံသားနှစ်ဦးနှင့် အင်ဒိုနီးရှားနိုင်ငံသား ခုနှစ်ဦးတို့လိုက်ပါလာစဉ် တုံဂျီအွန်ကျွန်း တောင်ဘက် ၆၈ ကီလိုမီတာအကွာ၌ မတ်လ ၉ ရက် နံနက် ၆ နာရီ ၂၉ မိနစ်တွင် တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း တာဝန်ရှိသူများကပြောခဲ့ကြသည်။
သင်္ဘောသားနှစ်ဦးကို ရေယာဉ်အတွင်း သတိလစ်လျက်ပြန်လည်တွေ့ရှိခဲ့ကာ ဆေးရုံသို့ပို့ပေးခဲ့ရသည်။ ၎င်းတို့က မည်သည့်နိုင်ငံသားများဖြစ်သည်ကို လောလောဆယ်တွင်မသိရသေးပေ။ ကျန်သင်္ဘောသား ခုနှစ်ဦးကိုမူ ပြန်လည်မတွေ့ရှိသေးဘဲ ပျောက်ဆုံးနေခြင်းဖြစ်သည်။
ကမ်းခြေစောင့်တပ်ဖွဲ့မှ ကင်းလှည့် သင်္ဘော ၁၁ စီး၊ တောင်ကိုရီးယားရေတပ်မှ သင်္ဘောနှစ်စီးနှင့် ရဟတ်ယာဉ်ငါးစီးတို့ကရေယာဉ်တိမ်းမှောက်မှုဖြစ်ပွားသည့်နေရာတဝိုက်တွင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေကြဆဲဟု သိရသည်။
တိမ်းမှောက်သည့်ရေယာဉ်က နိုင်ငံတောင်ပိုင်း အပန်းဖြေကျွန်းဖြစ်သည့် ဂျီဂျူးမှ မတ်လ ၈ ရက် နံနက် ၁၀ နာရီ ၃၆ မိနစ်တွင် ထွက်ခွာလာခဲ့ခြင်းဟု သိရသည်။
Ref-Yonhap News