၅. ၃. ၂၀၂၄
Written by Phyo Wei
မြောက်ပိုင်းလက်နက်ကိုင်သုံးဖွဲ့ထဲက တစ်ခုဖြစ်တဲ့ TNLA က သိမ်းယူထားတယ်လို့ ကြေညာထားတဲ့ မြို့နယ်သုံးခုနဲ့ KIA/PDF သိမ်းယူထားနိုင်တယ်ဆိုတဲ့မြို့နယ်အချို့ကို ပြည်ထောင်စုအစိုးရအဖွဲ့က စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြီး ဗဟိုအစိုးရအာဏာစက်အောက်မှာ ရှိနေတယ်လို့ ပြသတဲ့ ရက်သတ္တပတ်မှာပဲ ဗထူးတပ်မတော်လို့ အမည်ခံထားတဲ့ ထားဝယ် PDF တွေက ဖေဖော်ဝါရီ ၂၈ ရက်မှာ ထားဝယ်နည်းပညာတက္ကသိုလ်ကျောင်းအုပ်ကြီး ဒုတိယ- ပါမောက္ခချုပ် ဒေါက်တာကျော်အောင်၊ အင်္ဂလိပ်စာဌာန ဌာနမှူး ပါမောက္ခ ဒေါ်စုစုလတ်နဲ့ မြိုပြအင်ဂျင်နီယာဌာန ဌာနမှူး ပါမောက္ခ ဒေါက်တာနန္ဒာလွင်တို့ (၃) ဦးကို ဖမ်းဆီးမှုဖြစ်ပွားခဲ့ပြန်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃ နှစ်ကုန်ပိုင်းကလည်း ကယား PDF တွေက လွိုင်ကော်တက္ကသိုလ်ကို စီးနင်း ပါမောက္ခချုပ်နဲ့ ဆရာ၊ ဆရာမတွေ၊ ဝန်ထမ်းတွေနဲ့ ကျောင်းသားကျောင်းသူ ၃၀၀ ကျော်ကို ဖမ်းဆီးသတ်ဖြတ်လို့ လွိုင်ကော်တက္ကသိုလ်ဟာ ဒီနေ့အထိ ပိတ်ထားရတာကြောင့် ကယားပြည်နယ်က ကျောင်းသားကျောင်းသူတွေရဲ့ ပညာသင်ခွင့်ဆုံးရှုံးနေရချိန် ကလေးတက္ကသိုလ်ကလည်း ချင်း PDF တွေလက်ချက်ကြောင့် ပါမောက္ခချုပ်အပါအဝင် ဆရာ၊ ဆရာမ ၁၄၀ ကျော် ဖမ်းဆီးခံရလို့ ပညာသင်ကြားပေးမှု ရပ်တန့်ခဲ့ရတဲ့အပြင် အခု ထားဝယ်နည်းပညာတက္ကသိုလ်ကလည်း ထားဝယ် PDF တွေကြောင့် ပညာသင်ကြားမှုရပ်ဆိုင်းရမဲ့အခြေအနေဖြစ်လာပြီး အဖွဲ့အစည်းအသီးသီးက အပြစ်မရှိတဲ့ ထားဝယ်နည်းပညာတက္ကသိုလ်က ဆရာ၊ ဆရာမသုံးဦးကို ပြန်လွှတ်ပေးဖို့ တောင်းဆိုပေမဲ့လည်း အကြောင်းမထူးပြန်ပါဘူး။
အခြားတစ်ဖက်မှာလည်း တိုင်းရင်းသားလက်နက်ကိုင်နယ်မြေက တရုတ်ရာဇဝတ်ဂိုဏ်းတွေတည်ထောင်တဲ့ ကျားဖြန့်လုပ်ငန်းတွေရဲ့ အမြတ်ရရှိငွေတွေဟာ မြန်မာနိုင်ငံအတွင်း ရာဇဝတ်မှုနဲ့ ပုန်ကန်တိုက်ခိုက်မှုအတွက် အသုံးပြုဖို့လည်းဖြစ်ခဲ့တယ်လို့ နိုင်ငံတကာသတင်းဌာနတွေ ပြောလာတာ၊ အိန္ဒိယနိုင်ငံမီဇိုရမ်ပြည်နယ် အထက်လွှတ်တော်အမတ်က AA ကိုတွေ့ဆုံပြီး ကုလားတန်မြစ်ကြောင်း ဘက်စုံဖွံ့ဖြိုးရေး စီမံကိန်းမှာ ပါဝင်ဖို့ တိုက်တွန်းလာတာ၊ လားရှိုးကို မြောက်ပိုင်းသုံးဖွဲ့တိုက်ခိုက်မယ်လို့ သတင်းထွက်ပေမဲ့လည်း အခြေအနေတည်ငြိမ်နေပြီလို့ ကုလသမဂ္ဂက ပြောလာတာ၊ ခေတ်အလိုက်တိုးတက်နေပေမဲ့လည်း ခေတ်ပြိုင်နိုင်ငံတွေနောက် မြန်မာနိုင်ငံ ပြတ်ကျန်နေခဲ့တယ်လို့ SAC ဥက္ကဋ္ဌပြောလာတာတွေရှိပေမဲ့ ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက်အဖြစ်တော့ တပ်မတော်က အာဆီယံမှာ ကာကွယ်ရေးဘတ်ဂျက်အနည်းဆုံးဆိုတဲ့အကြောင်း၊ တရုတ်နိုင်ငံမှာ မြောက်ပိုင်းသုံးဖွဲ့နဲ့ သွားရောက်ဆွေးနွေးပေမဲ့ နယ်မြေခွဲမပေးဘူးဆိုတဲ့ မြောက်ပိုင်းဆွေးနွေးပွဲအကြောင်းနဲ့ ဒီနှစ်ထဲမှာ အစိုးရဖြုတ်ချဖို့က မဖြစ်နိုင်ဘူးလို့ သုံးသပ်တဲ့အကြောင်းတွေကို တင်ပြချင်ပါတယ်။
◾ အာဆီယံမှာ ကာကွယ်ရေးဘတ်ဂျက်အနည်းဆုံးထဲက တပ်မတော်
မြန်မာနိုင်ငံဟာ ၂၀၂၃ ခုနှစ်အတွင်း အရှေ့တောင်အာရှနိုင်ငံတွေရဲ့ ကာကွယ်ရေးအသုံးစရိတ် အများဆုံး သုံးစွဲခဲ့တဲ့နိုင်ငံတွေစာရင်းမှာ အဆင့် ၇ နေရာသာ ရပ်တည်နေတယ်လို Lowy Institute က သတ်မှတ်ဖော်ပြလိုက်ပါတယ်။ Lowy Institute ရဲ့ Asia Power Index 2023 အညွှန်းကိန်းမှာ မြန်မာက အာဆီယံမှာ ကာကွယ်ရေးအသုံးစရိတ် အများဆုံးသုံးစွဲတဲ့ နိုင်ငံတွေစာရင်းမှာ စင်ကာပူ၊ အင်ဒိုနီးရှား၊ ထိုင်း၊ ဗီယက်နမ်၊ မလေးရှား၊ ဖိလစ်ပိုင်တို့ရဲ့နောက်ပဲ ရပ်တည်နေခဲ့တာပါ။ မြန်မာနိုင်ငံဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်မှာ ကာကွယ်ရေးအသုံးစရိတ် အမေရိကန်ဒေါ်လာ ၃ ဒသမ ၇၀ ဘီလျံသုံးစွဲခဲ့ပြီး စင်ကာပူနိုင်ငံက ၂၀၂၃ ခုနှစ်အတွင်း ကာကွယ်ရေး အသုံးစရိတ်အများဆုံးသုံးစွဲတဲ့နိုင်ငံအဖြစ် အမေရိကန်ဒေါ်လာ ၁၂ ဘီလျံသုံးစွဲခဲ့ပါတယ်။ ဒါ့အပြင် အင်ဒိုနီးရှားက ကာကွယ်ရေးအသုံးစရိတ် ဒေါ်လာ ၁၀ ဒသမ ၁ ဘီလျံ၊ ထိုင်းက ကာကွယ်ရေးအသုံးစရိတ် ဒေါ်လာ ၇ ဒသမ ၄၄ ဘီလျံ၊
ဗီယက်နမ်က ဒေါ်လာ ၇ ဒသမ ၂၁ ဘီလျံ၊ ဖိလစ်ပင်းက ဒေါ်လာ ၄ ဒသမ ၄ ဘီလျံနဲ့ မလေးရှားက ဒေါ်လာ ၄ ဘီလျံနီးပါး အသုံးပြုခဲ့တာပါ။
အံဩစရာတွေ ပြန်ရှာမယ်ဆို အာဆီယံမှာ မြန်မာထက်ကာကွယ်ရေးဘတ်ဂျက်အများဆုံးသုံးနေတဲ့နိုင်ငံတွေက ပြည်တွင်းစစ်မရှိသလို ပြည်ပစစ်လည်း စိုးရိမ်မှုကြောင့်သာ ပြင်နေကြတဲ့နိုင်ငံတွေပါ။ မြန်မာဆိုရင် သမိုင်းရန်ကြွေးဆပ်ချင်တဲ့ အမေရိကန်ဩဇာခံ ထိုင်း၊ အမေရိကန်အထောက်အပံ့နဲ့ လူစွာလုပ်အမြဲပြိုင်နေတဲ့ ဘင်္ဂလားဒေ့ရှ်၊ နယ်စပ်မှာပစ်ခတ်သံကြားတာနဲ့ စစ်ရေးပြင်တဲ့ ကမ္ဘာ့စစ်အင်အားအကြီးဆုံးနိုင်ငံဖြစ်တဲ့ တရုတ်၊ တရုတ်ဩဇာခံ လာအို ဒါမျိုးတွေရှိနေတဲ့အပြင် ဒီနိုင်ငံကြီးတွေရဲ့ Proxy War တွေရော ကမ္ဘာ့သက်တမ်းအရှည်ဆုံးပြည်တွင်းစစ်ရော ရင်ဆိုင်နေရတာပါ။ အခုအခြေအနေဆို ကမ္ဘာ့စစ်အင်အားအကြီးဆုံးနိုင်ငံနှစ်ခုက ကျောထောက်နောက်ခံပေးထားတဲ့ ပြည်တွင်းအဖွဲ့အစည်းတွေနဲ့ တိုက်နေရတာမျိုးလည်း ဖြစ်နေပြန်ပါသေးတယ်။ ဒီလိုအခြေအနေမျိုးမှာ အချုပ်အခြာအာဏာကို ကိုင်ထားနိုင်ပြီး နယ်မြေပဲ့မထွက်အောင် ထိန်းပြထားနေတာ တော်သေးတယ်ပြောရမှာဖြစ်ပေမဲ့ ဒီအခြေအနေက ဘယ်လောက်တောင့်ခံနိုင်မလဲ လက်နက်ကိုင်မဟုတ်တဲ့၊ မြန်မာ့မြေပုံပဲ့မထွက်ချင်တဲ့ပြည်သူတွေ စဥ်းစားဖို့လိုပါတယ်။
◾နယ်မြေခွဲမပေးဘူးဆိုတဲ့ မြောက်ပိုင်းဆွေးနွေးပွဲ
SAC အစိုးရကိုယ်စားပြုအဖွဲ့နဲ့ မြောက်ပိုင်းမဟာမိတ်သုံးဖွဲတို့အကြား တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ အခုလဆန်းပိုင်းက ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပေမဲ့ နိုင်ငံပိုင်နယ်နိမိတ် အချုပ်အခြာအာဏာ ဆက်လက် ခိုင်မြဲနေမှာဖြစ်သလို နယ်စပ်ဒေသတည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေး၊ နယ်စပ်ဂိတ်နဲ့ ကုန်သွယ်မှုတွေ စီမံခန့်ခွဲမှုမှာလည်း မြန်မာ-တရုတ် နှစ်နိုင်ငံအစိုးရတွေ အောက်မှာသာ ဆက်လက်ရှိနေမှာဖြစ်တယ်လို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက မနေ့က ပြောကြားခဲ့ပါတယ်။
“နံပါတ် ၁ အချက်အနေနဲ့ ကျွန်တော်တို့နိုင်ငံရဲ့ နိုင်ငံပိုင်နက်နယ်နိမိတ် အချုပ်အခြာအာဏာသည် ဆက်လက်ခိုင်မြဲနေမှာဖြစ်ပါတယ်။ နံပါတ် ၂ အနေနဲ့ကတော့ ဒေသခံပြည်သူလူထုရဲ့ လူမှုစီးပွားဘဝ တည်ငြိမ်ရေးကို ရှေးရှု့ပြီး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးနဲ့ ပဋိပက္ခလျှော့ချရေး လမ်းစဉ်ကို ဆက်လက်ဆောင်ရွက်နေပါတယ်။ နံပါတ် ၃ အနေနဲ့ကတော့ နယ်စပ်ဒေသတည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေး၊ နယ်စပ်ဂိတ်များ စီမံခန့်ခွဲမှု၊ ကုန်သွယ်မှုတို့ဟာ နှစ်နိုင်ငံအစိုးရများရဲ့ စီမံခန့်ခွဲမှုအောက်မှာပဲ ရှိမှာဖြစ်ပါတယ်။ နံပါတ် ၄ အနေနဲ့ကတော့ တရုတ်-မြန်မာ နှစ်နိုင်ငံလုံးနဲ့ သက်ဆိုင်တဲ့ အကျိုးစီးပွားများကို မြန်မာအစိုးရအနေနဲ့ အလေးထားကာကွယ်မှုများ ဆောင်ရွက်နေပါတယ်။ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ နံပါတ် ၅ အနေနဲ့ကတော့ နယ်စပ်ဒေသတည်ငြိမ်ရေး လုံခြုံရေးကိုထိခိုက်စေတဲ့ မူယစ်ဆေးဝါး ထုတ်လုပ်ဖြန့်ဖြူး ရောင်းချမှုတွေ၊ Cyber မှုခင်းကိစ္စတွေကို နှစ်နိုင်ငံအစိုးရနှစ်ရပ်ပူးပေါင်းပြီး ပြတ်ပြတ်သားသား ဆက်လက်နှိမ်နင်းသွားမှာဖြစ်ပါတယ်။ နံပါတ် ၆ အနေနဲ့ကတော့ မြန်မာနိုင်ငံရဲ့ ပိုက်နက်နယ်မြေတွေကို အသုံးပြုပြီး အိမ်နီးချင်းနိုင်ငံများရဲ့ အကျိုးစီးပွားကို ထိခိုက်အောင် လုပ်ဆောင်တဲ့ မည်သည့်လုပ်ဆောင်မှုကိုမှ မြန်မာနိုင်ငံက လက်ခံမှာမဟုတ်ပါဘူး။ နံပါတ် ၇ အနေနဲ့ကတော့ ငြိမ်းချမ်းရေးဆွေးနွေးမှုကို ဖြစ်မြောက်အောင် လုပ်ဆောင်ပေးတဲ့ တရုတ်ပြည်သူ့သမ္မနိုင်ငံအစိုးရနဲ့ သက်ဆိုင်သူအားလုံးကို ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ်” လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
တရုတ်သတင်းဌာနတွေမှာတော့ ဆွေးနွေးပွဲနဲ့ပတ်သက်လို့ ရေးရာမှာ MNDAA ကို ကိုးကန့်အစိုးရအဖြစ် အသိအမှတ်ပြုမပေးဘဲ ဖွဲ့စည်းပုံအတိုင်း အထူးဒေသ (၁)အဖြစ်ပဲ လက်ခံမယ်ပြောခဲ့တဲ့သဘောပါ။ “ဝ”လိုဖြစ်ချင်နေတဲ့ ကိုးကန့်အဖို့ မရဘူးပြောတာမျိုးဖြစ်သလို TNLA သိမ်းထားတဲ့မြို့တွေ စစ်အုပ်ချုပ်ရေးကြေညာတာ၊ AA ဒုစစ်ဦးစီးချုပ်ဒေါက်တာညိုထွန်းအောင်က အပစ်ရပ်တာဟာ ရခိုင်မှာမပါဘူးလို့ ပြောတာတွေကြည့်မယ်ဆိုရင် တရုတ်မှာညှိတဲ့ ဆွေးနွေးပွဲရလဒ်က မြောက်ပိုင်းသုံးဖွဲ့ရဲ့ အစိုးရအသွင်တောင်းဆိုချက်တွေ အဆင်မပြေဘူးဆိုတဲ့သဘော သက်ရောက်နေတာ မြင်ရပါတယ်။ အချုပ်အခြာအာဏာဟာ Proxy War တွေ Buffer War Zone တွေ Confederate တွေနဲ့ ချိန်စက်ရလိမ့်မယ်ဆိုတာလည်း ပိုမြင်သာလာပါတယ်။
◾ ဖြစ်နိုင်ချေနည်းတဲ့ အစိုးရဖြုတ်ချရေး
မြန်မာအစိုးရကို အခုနှစ်ထဲမှာ ဖြုတ်ချနိုင်မယ်ဆိုတဲ့အချက်က ဖြစ်နိုင်ချေနည်းပါးလွန်းတယ်လို့ ဘင်္ဂလားဒေ့ရှ် ဗိုလ်ချုပ်ကြီးဟောင်းတစ်ဖြစ်လည်း ဘင်္ဂလားဒေ့ရှ်ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအင်စတီကျူ ဥက္ကဋ္ဌအဖြစ် တာဝန်ယူနေတဲ့ Muniruzzaman က သုံးသပ်ပါတယ်။
“ညီနောင်မဟာမိတ်အဖွဲ့တွေဟာ မြန်မာအစိုးရထိန်းချုပ်ထားတဲ့ မြို့တွေနဲ့ တပ်မတော်စခန်းတွေကို သိမ်းပိုက်နိုင်ခဲ့တယ်။ ညီနောင်မဟာမိတ်အဖွဲ့တွေနဲ့အတူ PDF အဖွဲ့တွေလည်း ပူးပေါင်းတိုက်ခိုက်ခဲ့တယ်။ PDF အဖွဲ့တွေမှာ ဗမာလူမျိုးအများဆုံး ပါဝင်နေတယ်။ ဒါကြောင့် မြန်မာအစိုးရကို တိုက်ခိုက်နေတဲ့ ပူးပေါင်းတိုက်ခိုက်မှုတွေဟာ ပုံစံအသစ်နဲ့ အချိုးအစားအသစ်တွေဖြစ်လာစေခဲ့တယ်။ အနောက်အုပ်စုမီဒီယာတွေကလည်း မြန်မာအစိုးရဟာ ဒီနှစ်အတွင်းဖြုတ်ချခံရမယ်လို့ ဝေဖန်ရေးသားကြတယ်။ လက်နက်ကိုင်အဖွဲ့တွေကလည်း အနောက်အုပ်စုမီဒီယာတွေဖော်ပြသလိုမျိုး ပြောဆိုတာတွေလည်းရှိနေတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ ဖြစ်နိုင်ချေက ခက်ခဲလွန်းပါတယ်။ တကယ်တမ်းပြောရမယ်ဆိုရင် PDF အဖွဲ့တွေဟာ မြန်မာအစိုးရကို အများကြီးဖိအားပေးနိုင်တာမျိုးရှိသေးပါဘူး။ မြန်မာအစိုးရ ရင်ဆိုင်နေတဲ့ စိန်ခေါ်မှုတွေဟာ နယ်စပ်ဒေသတစ်လျှောက်နဲ့ တိုင်းရင်းသားနယ်မြေတွေဖြစ်ပါတယ်။ ဒါကြောင့် မြန်မာ့တပ်မတော်ဟာ အလုံးစုံရှုံးနိမ့်သွားမယ်ဆိုတာ အတိအကျမပြောနိုင်ပါဘူး။ အဲဒီလက်နက်ကိုင်အဖွဲ့စည်းအားလုံးဟာ ဗဟိုအစိုးရထံကနေ အာဏာရယူဖို့ မလိုလားဘူး။ မြန်မာအစိုးရကို လက်နက်ကိုင်ဆန့်ကျင်နေတဲ့အုပ်စုတွေဟာ လွတ်လပ်တဲ့နိုင်ငံအဖြစ် သီးခြားတည်ထောင်ဖို့မလိုလားဘူး။ ဒါပေမဲ့အဲဒီ မြန်မာလက်နက်ကိုင်အုပ်စုတွေဟာ သူတို့နဲ့ သက်ဆိုင်တဲ့ဒေသကို ထိန်းချုပ်လိုပြီး အဲဒီဒေသရဲ့အရင်းအမြစ်တွေကို ရယူထိန်းချုပ်လိုကြတယ်။ လက်ရှိအချိန်အထိ မြန်မာလက်နက်ကိုင်အဖွဲ့တွေဟာ ဒီမိုကရေစီနိုင်ငံတည်ထောင်ဖို့၊ ရွေးကောက်ပွဲကျင်းပပေးဖို့စတဲ့ အာဂျင်ဒါမျိုးမရှိသေးပါဘူး။ ဒါကြောင့် မြန်မာနိုင်ငံ ပြိုကွဲနိုင်တယ်ဆိုတဲ့ စိတ်ကူးယဥ်မှုတွေဟာ လက်တွေ့မဆန်ပါဘူး၊” လို့ Muniruzzaman က သုံးသပ်တာပါ။
တကယ်လည်းမှန်ပါတယ်။ အမေရိကန်၊ တရုတ်စတဲ့နိုင်ငံတွေကိုယ်တိုင် မြန်မာပြည်အစိတ်စိတ်အမြွှာမြွှာ ကွဲထွက်ရေးမလိုလားကြလို့ ရွေးကောက်ပွဲက နိုင်ငံထွက်ပေါက်၊ လက်နက်ကိုင်တွေအတွက်လည်း အဖြေဖြစ်တယ်ဆိုတဲ့ Ideology ကို တွေးဆတတ်အောင် Guidelines ပေးနေတာမျိုးပါ။ ဒါကိုလည်း တရုတ်ကျောထောက်နောက်ခံပါနိုင်တယ်လို့ သုံးသပ်ခံရတဲ့ ဝနဲ့ မြောက်ပိုင်းသုံးဖွဲ့ရဲ့ ကွန်ဖက်ဒရိတ်တောင်းဆိုတာနဲ့ အမေရိကန်ကျောထောက်နောက်ခံ NUG နဲ့ K3C (ကရင်၊ ကယား၊ ကချင်၊ ချင်း) လက်နက်ကိုင်တွေရဲ့ တပ်မတော်နဲ့ ညှိမယ်ဆိုတဲ့ဘုံသဘောတူညီချက်က အဖြေထုတ်ပြပါတယ်။ Proxy War ၊ Buffer War ခံရုံ၊ အချုပ်အခြာအာဏာမထိပါးဘဲ Confederate ပေးလိုက်တော့လို့ ကမ္ဘာ့စစ်အင်အားကြီးနိုင်ငံနှစ်ခုက Mandate ပေးနေတာ အလဟဿ မဟုတ်သလို ဖက်ဒရယ်ဒီမိုကရေစီမှာလည်း ဒါတွေက သွားရမှာဖြစ်ပြီး ၇၀၊ ၃၀ ထက် ၆၀၊ ၄၀ အရွေ့ရွှေ့ဖို့ အားမတန် မာန်လျှော့ရတဲ့အခိုက်အတန့်မျိုးမှာ၊ Muniruzzaman သုံးသပ်တာက မှန်နေတယ်ဆိုနိုင်တဲ့အခိုက်အတန့်မျိုးမှာ ရွေးကောက်ပွဲအမြန်လုပ်မှ တိုင်းပြည်က မှန်မှန်ကန်ကန်ရှေ့ဆက်နိုင်ဖို့ သေချာမယ်လို့ ယူဆမိကြောင်းသုံးသပ်ရင်း ဒီတစ်ပတ်နိုင်ငံရေးသုံးသပ်ချက် ရပ်နားပါရစေ…။