၃.၃.၂၀၂၄
Written By Thandar
ရုပ်ရှင်နဲ့ ဂီတအနုပညာနယ်ပယ်နှစ်ခုကို အခြေခံတဲ့ ဇာတ်အိမ်ပုံဖော်ရိုက်ကူးထားတဲ့ ” ရင်ထဲကြွေတဲ့ ကြယ်” ဇာတ်လမ်းတွဲက သရုပ်ဆောင်တွေနဲ့အတူ Fan Meeting ပွဲကို မတ်လ ၂ ရက် ညနေပိုင်းက ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ Sweety Home Living Mall မှာ ကျင်းပခဲ့ပါတယ်။
“ရင်ထဲကြွေတဲ့ ကြယ်” က ပိုးမှီအတွက် ပထမဆုံး ဇာတ်လမ်းတွဲလည်း ဖြစ်သလို ရိုက်ကူးကာလကလည်း ၄ လလောက် ကြာခဲ့တာဆိုတော့ အရမ်းလည်း အမှတ်တရတွေရော ပင်ပန်းတာတွေ များခဲ့တယ်။ ဘာပဲဖြစ်ဖြစ် ပရိသတ်တွေ အားပေးကြလို့ ပျော်ပါတယ်။ ဇာတ်လမ်းတွဲရဲ့ Fan Meeting ကို လာရောက်အားပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ပရိ သတ်တွေ အားလုံးက ပိုးမှီအတွက်တော့ ရင်ထဲကြွေတဲ့ ကြယ်ပါပဲ။ အားလုံးကို ချစ်ပါတယ်” လို့ သရုပ်ဆောင် ပိုးမမှီသာက ပြောပါတယ်။
အဆိုပါ Fan Meeting အခမ်းအနားမှာတော့ ဇာတ်လမ်းတွဲမှာပါဝင်ထားကြတဲ့ သရုပ်ဆောင် အလင်းရောင်၊ ပန်းရောင်ခြယ်၊ ပိုးမမှီသာ၊ လီလီကျော်ခိုင်နဲ့ အနုပညာရှင်များစွာက ပရိသတ်တွေနဲ့ အတူ ပျော်ရွှင်စွာ ဂိမ်းဆော့ကစားခြင်း၊ အမှတ်တရလက်မှတ်ရေးထိုးခြင်းတွေအပြင် ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ခဲ့စဉ်က အမှတ်တရတွေ ရင်ဖွင့်ခဲ့ကြပါတယ်။
“ဒီကားလေးက အမှတ်တရတွေဆိုရင် အများကြီးရှိပဲ။ ဇာတ်လမ်းတွဲတွေထဲမှာဆိုရင် ဒီဇာတ်လမ်းတွဲကတော်တော်ကြာအောင် ရိုက်ခဲ့တဲ့ကားလို့ ပြောလို့ရတယ်။ မှတ်မှတ်ရရ ဇာတ်ဝင်ခန်းဆိုရင် အမေမွှေး(ခ)မို့မို့မြင့်အောင်နဲ့ ရိုက်တဲ့ အခန်းမှာ ဖျားနေတာကို အဲ့နေ့က ရိုက်ရတာလည်း မိုးရွာတဲ့အခန်းကို ရိုက်ရတာဆိုတော့ ဆေးသောက်ပြီး ရိုက်ခဲ့ရတာ အမှတ်တရပါပဲ။ အိမ်ရောက်တော့ ဆေးသောက်ပြီး တော်တော်လေးအနားယူခဲ့ရတယ်”လို့ သရုပ်ဆောင် အလင်းရောင်က ပြောပါတယ်။
အပိုင်း ၇၀ ပါဝင်တဲ့ “ရင်ထဲကြွေတဲ့ကြယ်” ဇာတ်လမ်းတွဲကတော့ CANAL+ ရုပ်သံလိုင်းရဲ့ နိုင်ငံတကာအဆင့်မီအချစ် ဒရမ်မာ ဇာတ်လမ်းတွဲဖြစ်ပြီး ဒါရိုက်တာ ဝင်းလွင်ထက်က ရိုက်ကူးထားတာလည်းဖြစ်ပါတယ်။