၁. ၃. ၂၀၂၄
Written by Ye Kyaw
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ၁၁ လအတွင်း ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် ၁ ဒသမ ၄၂၉ သန်းတင်ပို့မှုမှ ဝင်ငွေဒေါ်လာ ၇၁၂ ဒသမ ၄၈၇ သန်းရရှိခဲ့ပြီး ပို့ကုန်တွန်းပို့ခဲ့သည့် နိုဝင်ဘာ၊ ဒီဇင်ဘာ၊ ဇန်နဝါရီနှင့် ဖေဖော်ဝါရီ လေးလအတွင်း တင်ပို့မှုသည် စုစုပေါင်းတင်ပို့မှု၏ ရာခိုင်နှုန်း ၆၀ ကျော်အထိရှိကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။
ယခုဘဏ္ဍာနှစ်၏ ဆန်နှင့်ဆန်ကွဲတင်ပို့မှုကို လေ့လာကြည့်ပါက ဘဏ္ဍာနှစ်အစ ဧပြီလမှ စက်တင်ဘာလအထိ ဆန်နှင့်ဆန်ကွဲတန်ချိန် သောင်းဂဏန်းမျှသာ တင်ပို့နိုင်ခဲ့ပြီး အောက်တိုဘာလမှစတင်၍ တန်ချိန်တစ်သိန်းအထက် တင်ပို့နိုင်ခဲ့ခြင်းဖြစ်သလို လစဉ်နိုင်ငံခြားဝင်ငွေရရှိမှုမှာလည်း ဒေါ်လာသန်း ၃၀ မှ သန်း ၆၀ ဝန်းကျင်ကြားသာ ရရှိခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့် နိုဝင်ဘာလမှစတင်၍ တန်ချိန် ၁၇၀,၀၀၀ ကျော်အထိ တင်ပို့နိုင်ခဲ့ပြီး ဒေါ်လာသန်း ၉၀ အထိ ရရှိခဲ့ခြင်းဖြစ်ကာ ဒီဇင်ဘာလတွင် တန်ချိန် ၁၉၅,၀၀၀ ကျော်တင်ပို့မှုမှ ဒေါ်လာ ၉၉ သန်း၊ ဇန်နဝါရီလတွင် တန်ချိန် ၂၁၀,၀၀၀ အထိတင်ပို့နိုင်ခဲ့၍ ဒေါ်လာသန်း ၁၁၀ နှင့် ဖေဖော်ဝါရီလတွင် တန်ချိန် ၂၆၀,၀၀၀ ကျော်အထိ တိုးမြှင့်တင်ပို့နိုင်ခဲ့၍ ဒေါ်လာသန်း ၁၄၀ နီးပါးအထိ ရရှိခဲ့ခြင်းဖြစ်သည်။
အဆိုပါ နိုဝင်ဘာ၊ ဒီဇင်ဘာ၊ ဇန်နဝါရီနှင့် ဖေဖော်ဝါရီလ လေးလအတွင်း ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတင်ပို့မှုမှ ရရှိသည့်ဝင်ငွေ ဒေါ်လာ ၄၃၈ သန်းကျော်ရရှိခဲ့သည့်အတွက် လက်ရှိဘဏ္ဍာနှစ် ၁၁ အတွင်း ဆန်နှင့်ဆန်ကွဲတင်ပို့မှုမှရရှိသည့် စုစုပေါင်းဝင်ငွေ၏ ၆၁ ရာခိုင်နှုန်းကျော်အထိရရှိထားခြင်းဖြစ်သည်။
ပို့ကုန်များ ပိုမိုတင်ပို့နိုင်ရန်အတွက် ပွင့်လင်းရာသီဖြစ်သော ပြီးခဲ့သည့် အောက်တိုဘာ၊ နိုဝင်ဘာနှင့် ဒီဇင်ဘာလတို့တွင် တစ်လလျှင် ဆန်နှင့်ဆန်ကွဲတန်ချိန် နှစ်သိန်းစီ တင်ပို့နိုင်ရန်ဆောင်ရွက်ခဲ့သော်လည်း နှစ်လဆက်တိုက်ပြည့်မီခြင်းမရှိဘဲ ဒီဇင်ဘာလမှသာ တန်ချိန်နှစ်သိန်းနီးပါး စတင်တင်ပို့နိုင်ခဲ့ခြင်းဖြစ်သလို ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလတို့မှသာ တန်ချိန်နှစ်သိန်းအထက် တင်ပို့နိုင်ခဲ့ခြင်းဖြစ်သည်။
လာမည့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ပုံမှန်တင်ပို့နေကြဖြစ်သည့် ဆန်တင်ပို့မှုထက် ဆန်မှုန့်၊ ဆန်ခေါက်ဆွဲ စသည့် တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ထုတ်လုပ်ပြီး တင်ပို့သွားရန် စီစဉ်ဆောင်ရွက်နေကာ ပေါင်းဆန်နှင့် ဆန်ကွဲအမျိုးအစားကိုသာ ဆန်ကုန်ကြမ်းအတိုင်း အဓိကထား တင်ပို့သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောကြားထားသည်။