၁. ၃. ၂၀၂၄
Written by Tha Doe
ဒီနေ့ မနက်ပိုင်းကဖြစ်ပွားခဲ့တဲ့ လူ ၂ ဦးသေဆုံးပြီး ၂ ဦးပျောက်ဆုံးခဲ့ရသလို တစ်ဦးဒဏ်ရာအပြင်းအထန်ရခဲ့တဲ့ ဆီတင်သင်္ဘောပေါက်ကွဲမီးလောင်မှုကို ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့က မိုင်းခွဲတိုက်ခိုက် လုပ်ဆောင်ခဲ့တာလို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်လာပါတယ်။
ဒီတိုက်ခိုက်မှုဟာ စစ်လေယာဥ်၊ စစ်ရဟတ်ယာဥ်တွေမှာ အသုံးပြုမဲ့ လေယာဥ်ဆီ သယ်ဆောင်လာတဲ့ လေယာဥ်ဆီတင်သင်္ဘောကို တိုက်ခိုက်တာဖြစ်ပြီး ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၉ ရက်နေ့၊ ညနက်ပိုင်းမှာ ရန်ကုန် MEC ထီးတန်းဆိပ်ကမ်းမှာ ရန်ကုန်တိုင်းပကဖ (ရေငုပ်အထူးတပ်ဖွဲ့)က ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့လည်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
NUG ရဲ့ PDF တွေ ညနေစောင်းက ဖောက်ခွဲခဲ့ပေမဲ့ ဒီဖြစ်စဥ်မှာ ဆီတင်သင်္ဘောပေါက်ကွဲမှုက မတ်လ ၁ ရက်အကူး ည ၂ နာရီကျော်မှ ပေါက်ကွဲခဲ့တာဖြစ်ပြီး ဒီမီးလောင်ပေါက်ကွဲမှုကြောင့် MV သင်္ဂဇာကုန်တင်ရေယာဥ်ပေါ်က ကိုသန်းလွင်(၂၅နှစ်)၊ ကိုဝေယံထွန်း (၁၉နှစ်) တို့ သေဆုံးခဲ့ရသလို ကိုအေးမင်းထွေးနဲ့ ကိုကျော်လင်းတို့ ၂ ဦး ပျောက်ဆုံးနေကာ ဦးသန်းဦးဆိုသူမှာလည်း ဒဏ်ရာရရှိခဲ့တဲ့အပြင် ဣန္ဒ ၆ ဆီတင်ရေယာဥ်လည်း မီးလောင် ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။
ပုံစာ။ NUG ၏ PDF များက လေယာဥ်ဆီတင်သင်္ဘောဟုဆိုကာ ဖောက်ခွဲမှုကြောင့် လူ ၄ ဦး သေဆုံးပျောက်ဆုံးခဲ့ရသော ဆီတင်သင်္ဘောမီးလောင်မှုမြင်ကွင်း။