၁. ၃. ၂၀၂၄
Written by Ye Kyaw
ပြည်ဝင်ခွင့်ဗီဇာ လျှောက်ထားမှု အလွန်များပြားနေခြင်းကြောင့် ဖုန်းဖြင့် ကြိုတင်ရက်ချိန်းယူခြင်းကို ခေတ္တခဏ ရပ်နားထားမည်ဖြစ်ပြီး အီးမေးလ်ဖြင့်သာ လက်ခံဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့ရှိ ဂျပန်သံရုံးက ယနေ့တွင် အသိပေး ထုတ်ပြန်ထားသည်။
ဗီဇာလျှောက်ထားသူများသည် အီးမေးလ်ဖြင့် ကြိုတင်ရက်ချိန်းယူခြင်းအတွက် [email protected] သို့ ဆက်သွယ်ရမည်ဖြစ်ပြီး အီးမေးလ်ကို အကြောင်းပြန်ရန်အတွက် အချိန်အနည်းငယ် ကြန့်ကြာနိုင်သော်လည်း အီးမေးလ်တစ်စောင်ရရှိပါက မပျက်မကွက် အကြောင်းပြန်ပေးမည်ဖြစ်သောကြောင့် စိတ်မပူကြရန် အသိပေးပေးထားပြီး တယ်လီဖုန်းဖြင့် ပြန်လည်ရက်ချိန်းရယူနိုင်မည့် အချိန်ကို ထပ်မံအသိပေး အကြောင်းကြားမည်ဖြစ်ကြောင်း အသိပေးထားသည်။
ရက်ချိန်းယူရန် လိုအပ်သော အချက်အလက်များမှာ သံရုံးသို့လာရောက်မည့်သူ၏ အမည်၊ လျှောက်ထားသူအမည်၊ သံရုံးသို့ လာရောက်လိုသော နေ့ရက်နှင့် အချိန် (မိမိဆန္ဒရှိသောအချိန် ၃ နာရီ (နံနက် ၈ နာရီခွဲမှ ၁၁ နာရီအထိ) တင်ပြနိုင်ပါသည်။)၊ လျှောက်ထားလိုသည့် အကြောင်းအရာ၊ တယ်လီဖုန်းနံပါတ်နှင့် အီးမေးလ်လိပ်စာများ လိုအပ်ကြောင်း ဖော်ပြထားသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် မတ်လ ၁၇ ရက်မှစ၍ ကာလရှည်နေထိုင်ခွင့်ကဒ် (Certificate of Eligibility) ကို အီလက်ထရောနစ်စနစ် (အွန်လိုင်းစနစ်) သို့ ပြောင်းလဲပြီးဖြစ်၍ ဗီဇာလျှောက်ထားသူများအနေဖြင့် ကာလရှည်နေထိုင်ခွင့်ကဒ်ကို အီးမေးလ်ဖြင့် လက်ခံရယူနိုင်သည်။ သို့ဖြစ်ပါ၍ ကာလရှည်နေထိုင်ခွင့်ကဒ် မူရင်း သို့မဟုတ် မိတ္တူ သို့မဟုတ် အီးမေးလ်ကို Print ထုတ်ထားသော စာရွက်စာတမ်းဖြင့် လျှောက်ထားနိုင်ကြောင်း ဖော်ပြထားသည်။
ကာလတိုနေထိုင်ခွင့် ဗီဇာလျှောက်ထားခြင်းနှင့် ပတ်သက်၍လည်း ဂျပန်ဘက်မှ ပြင်ဆင်ရမည့် ကုမ္ပဏီမှတ်ပုံတင်, ကုမ္ပဏီအဖွဲ့အစည်း၏ အသင်းအဖွဲ့စည်းမျဉ်း၊ ဝင်ငွေအထောက်အထားပြ စာရွက်စာတမ်း၊ ဝင်ငွေခွန်အထောက်အထားပြ စာရွက်စာတမ်း၊ ဘဏ်အပ်ငွေလက်ကျန် ထောက်ခံစာ၊ ဖိတ်ခေါ်စာ၊ လျှောက်ထားသူစာရင်း၊ အာမခံစာ၊ နေထိုင်သွားလာမည့်အစီအစဉ်တို့ဖြင့် လျှောက်ထားနိုင်ကြောင်း ဖော်ပြထားသည်။