၂၈. ၂. ၂၀၂၄
Written by Min Mahar
ရွှေဘိုခရိုင်မီးသတ်ရုံးကို PDF များက ယနေ့မနက်ပိုင်းတွင် လက်ပစ်ဗုံးဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပေါက်ကွဲမှု မရှိသည့်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ သက်မဲ့ပြုလုပ်၍ ဖောက်ခွဲဖျက်ဆီးလိုက်ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
ဖြစ်စဉ်မှာ ယနေ့(ဖေဖော်ဝါရီ ၂၈ ရက်နေ့) မနက် ၉ နာရီခန့်က စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၊ အမှတ်(၄) ရပ်ကွက်၊ အနောက်ဈေးရပ်(ဒေသအခေါ်)ရှိ ရွှေဘိုခရိုင်မီးသတ်ဦးစီးဌာနရုံးသို့ မြို့မဈေးဘက်မှ ဆိုင်ကယ်တစ်စီးဖြင့် PDF အဖွဲ့မှ အမည်မသိ အမျိုးသားနှစ်ဦး မောင်းနှင်လာပြီး MG 1 အမျိုးအစားလက်ပစ်ဗုံးဖြင့် ပစ်ပေါက်၍ ယင်းလမ်းအတိုင်း မြောက်ဘက်သို့ မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
အဆိုပါလက်ပစ်ဗုံးသည် မီးသတ်ရုံးရှေ့ကွင်းပြင်သို့ကျရောက်ပြီး ပေါက်ကွဲမှုမရှိသဖြင့် ၎င်းနေရာသို့ သက်ဆိုင်ရာနယ်မြေခံ လုံခြုံရေးတပ်ဖွဲ့ဝင်များက ရောက်ရှိလာပြီး ကားတာယာကွင်းများဖြင့် ကာရံ၍ သက်မဲ့ပြုလုပ်ကာ ဖောက်ခွဲဖျက်ဆီးလိုက်ကြောင်းနှင့် လူ၊ ပစ္စည်း၊ အဆောက်အဦ ထိခိုက်ပျက်စီးဆုံးရှုံးမှုမရှိကြောင်းလည်း လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် နီးစပ်သူများထံမှ သိရသည်။