၂၇. ၂. ၂၀၂၄
Written by Min Mahar
ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့များ၏ Drop Bomb ချတိုက်ခိုက်မှုကြောင့် ကျောင်းဝန်းအတွင်း စင်္ကြံလျှောက်နေသည့် ရဟန်းတော်တစ်ပါးကို ဗုံးစများထိမှန်၍ ပျံလွန်တော်မူသွားမှု ကသာမြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၂၅ ရက် မွန်းလွဲ ၁ နာရီခန့်က စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ပေါမမြိုင်ကျေးရွာ၊ ရွာဦးဘုန်းကြီးကျောင်းတွင် ထီးချိုင့်မြို့ ရွှေဟင်းတံကျောင်းတိုက်မှ လာရောက်သီတင်းသုံးနေသည့် သက်တော် ၇၁ နှစ်အရွယ်ရှိသော ဆရာတော် ဥူးစန္ဒာဝရသည် ကျောင်းဝင်းအတွင်း စင်္ကြံလျှောက်နေစဉ် ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့များ၏ Drop Bomb ဖြင့် ပစ်ချတိုက်ခိုက်မှုကြောင့် ဝဲဘက်ဦးခေါင်းကို ဖောက်ဝင်သွားသည့် ဒဏ်ရာပြင်းထန်စွာရရှိပြီး အခင်းဖြစ်ပွားရာနေရာ၌ပင် ပျံလွန်တော်မူသွားခဲ့ကြောင်း သိရသည်။
“ရွာဦးကျောင်းမှာ ထီးချိုင့်ကလာတဲ့ ဆရာတော်တစ်ပါး ဗုံးစထိပြီး ပျံလွန်တော်မူသွားတယ်။ ဆရာတော်က လမ်းလျှောက်ပြီး တရားမှတ်နေချိန်မှာ ဒရုန်းနဲ့ ဗုံးပစ်ချတိုက်ခိုက်လို့ ဗုံးစထိမှန်လို့ အဲ့ဒီနေရာမှာပဲ ပျံလွန်တော်မူသွားတာပါ။ ဘုန်းကြီးကျောင်းမှာ စစ်တပ်က စခန်းချလာနေတယ်ထင်ပြီး ပစ်တာဖြစ်မယ်။ ဘယ်အဖွဲ့အစည်း ဘယ်လိုလူတွေကပဲဖြစ်နေဖြစ်နေ ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ် ဘာသာရေးအဆောက်အဦတွေတော့ လုံးဝရှောင်ပြီး တိုက်ခိုက်သင့်တယ်။ ဒီလိုလုပ်ရပ်ကတော့ လူမဆန်တဲ့ လုပ်ရပ်ဖြစ်ပြီး အရမ်းရက်စက်လွန်းကြပါတယ်”ဟု ဒေသခံရွာသားတစ်ဦးက ဆိုသည်။