၂၆. ၂. ၂၀၂၄
Written by Nyein Kyaw
ယနေ့ နံနက်ပိုင်းက ချင်း PDF များ ဖမ်းဆီးခေါ်ဆောင် သွားသည့် ကလေးတက္ကသိုလ်ရှိ ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူနှင့် ရုံးဝန်ထမ်း စုစုပေါင်း ၂၈၅ ဦးအား ပြန်လည်ကယ်တင်နိုင်ခဲ့သော်လည်း အချို့အား ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွား၍ ဓားစာခံများအား ပြန်လည်ကယ်တင်နိုင်ရေး အပူတပြင်းရှာဖွေကယ်ဆယ်လျက်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) သတင်းထုတ်ပြန်ရေးအဖွဲ့မှ ထုတ်ပြန်ထားသည်။
ချင်း PDF များက စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ကလေးတက္ကသိုလ်သို့ ယနေ့ နံနက် ၇ နာရီခွဲခန့်တွင် အင်အား ၁၃၀ ဦးခန့်ဖြင့် ကလေးတက္ကသိုလ်အတွင်းသို့ တောင်ဘက်မှ ဝင်ရောက်၍ ရူပဗေဒနှင့် သတ္တဗေဒစာသင်ဆောင်တွင် ဆရာ/ဆရာမများ၊ ကျောင်း/ကျောင်းသူများနှင့် ရုံးဝန်ထမ်းများကို ဖမ်းဆီးထားရှိကြောင်း တာဝန်သိဝန်ထမ်းများ၏ သတင်းပေးပို့မှုအရ သိရှိရသည့်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ အချိန်မီသွားရောက် ကယ်ဆယ်ခဲ့ရာ PDF များနှင့် အပြန်အလှန်ထိတွေ့မှု ဖြစ်ပွားခဲ့ပြီး တက္ကသိုလ်၏ အရှေ့ဘက်နှင့် အရှေ့မြောက်သို့ ဆုတ်ခွာသွားရာ ကလေးတက္ကသိုလ်အတွင်းရှိ စာသင်ဆောင်များမှ ဖမ်းဆီးခံထားရသည့် ဆရာ/ဆရာမများ၊ ကျောင်း/ကျောင်းသူများနှင့် ရုံးဝန်ထမ်း စုစုပေါင်း ၂၈၅ ဦးအား တပ်မတော်စစ်ကြောင်းက အချိန်မီပြန်လည်ကယ်ဆယ်နိုင်ခဲ့သော်လည်း အကြမ်းဖက်သမားအနေဖြင့် အချို့သော ဝန်ထမ်း၊ ဆရာ/ဆရာမနှင့် ကျောင်းသား/ကျောင်းသူ (စိစစ်ဆဲ)တို့အား ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဖော်ပြထားသည်။
ဖြစ်စဉ်တွင် တပ်ဘက်မှ ထိခိုက်မှုမရှိဘဲ ချင်း PDF များထံမှ အလောင်းအချို့၊ လက်နက်နှင့် ဆက်စပ်ပစ္စည်းအချို့ သိမ်းဆည်းရမိခဲ့သည်။ PDF များအနေဖြင့် ယခုကဲ့သို့ စစ်ရေးနှင့်သက်ဆိုင်သော ပစ်မှတ်များမဟုတ်ဘဲ ပညာရေးဆိုင်ရာ အဆောက်အဦများနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ မိသားစုဝင်များနှင့် ရုံးဝန်ထမ်းကို အကာအကွယ်ရယူ ပစ်ခတ်တိုက်ခိုက်ခြင်း၊ ရည်ရွယ်ချက်အတွက် အသုံးပြုထားခြင်းမရှိသော စစ်ဘက်ပစ်မှတ်မဟုတ်သည် စာသင်ကျောင်းကို ရည်ရွယ်ချက်ရှိစွာဖြင့် အကာအကွယ်ယူ တိုက်ခိုက်ခြင်းသည် ဂျီနီဗာကွန်ဗန်းရှင်းများနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေတို့အရ စစ်ရာဇဝတ်မှု ကျူးလွန်ရာ ရောက်ပြီး အဆိုပါရာဇဝတ်မှုများအတွက် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ရာဇသတ်ကြီးနှင့် သက်ဆိုင်ရာ တည်ဆဲဥပဒေများဖြင့် ၎င်းတို့အပေါ် ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ကျန်ရှိသည့်အင်အား (စိစစ်ဆဲ) ဆရာ/ဆရာမများ၊ ရုံးဝန်ထမ်းများနှင့် ကျောင်းသား/ကျောင်းသူများအား ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် အမြန်ဆုံး ပြန်လည်ကယ်တင်နိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက အပူတပြင်းရှာဖွေကယ်ဆယ်ရေး ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။
ကလေးမြို့ကို ချင်းအမျိုးသားတပ်ဦးအပါအဝင် ချင်း PDF များက ဖေဖော်ဝါရီ တတိယပတ်တွင် စတင်တိုက်ခိုက်နေပြီး ပြီးခဲ့သည့်ရက်ပိုင်းက CNDF ဒုတိယစစ်ဦးစီးချုပ်လင်မယားအပါအဝင် ချင်း PDF လေးဦးလည်း သေဆုံးခဲ့မှု ဖြစ်ပွားထား၍ ယခုကဲ့သို့ လက်နက်မဲ့ပညာရေးဝန်ထမ်းများ၊ ကျောင်းသားကျောင်းသူများကို ဝင်ရောက်ဖမ်းဆီးခြင်းဖြစ်သည်။
ပြီးခဲ့သည့် ၂၀၂၃ နှစ်ကုန်ပိုင်းကလည်း ကယား PDF များက လွိုင်ကော်တက္ကသိုလ်ကို စီးနင်းက ပါမေက္ခချုပ်နှင့် ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသားကျောင်းသူ ၃၀၀ ကျော်ကို ဖမ်းဆီးသတ်ဖြတ်မှုပြုလုပ်ခဲ့၍ လွိုင်ကော်တက္ကသိုလ်မှာ ယနေ့အထိ ပိတ်ထားရသည်။