၂၁. ၂. ၂၀၂၄
Written by Min Mahar
ရေတာရှည်မြို့နယ်ရှိ ကျေးရွာ ၃ ရွာကို PDF အဖွဲ့များမှ Drop Bomb ဖြင့် ပစ်ချတိုက်ခိုက်ခဲ့၍ ကလေးငယ် ၂ ဦးအပါအဝင် လူ ၄ ဦးသေဆုံးကာ ၅ ဦးဒဏ်ရာရရှိမှု ယနေ့မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များမှ သိရသည်။
ဖြစ်စဉ်မှာ ယနေ့(ဖေဖော်ဝါရီ ၂၁ ရက်)မွန်းလွဲ ၂ နာရီ ၁၅ မိနစ်ခန့်က ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ မြစ်အရှေ့ဘက်ကမ်းရှိ ပိတောက်ကုန်းကျေးရွာ၊ စည်ပိုင်းကျေးရွာနှင့် မိချောင်းအိုင်ကျေးရွာများအား PDF အဖွဲ့များမှ Drop Bomb ဖြင့် ပစ်ချတိုက်ခိုက်ခဲ့သဖြင့် အသက် ၁၀ နှစ်အရွယ် ကလေးငယ် ၁ ဦး၊ အသက် ၈ နှစ်အရွယ် ကလေးငယ် ၁ ဦးအပါအဝင် အပြစ်မဲ့ပြည်သူ ၄ ဦးတို့ ဗုံးစများထိမှန်ကာ သေဆုံးသွားခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၅ ဦးရှိခဲ့သည့် အတွက် ဒေသခံလူမှုကူညီရေးယာဉ်များဖြင့် ဒဏ်ရာရရှိသူများကို ရေတာရှည်မြို့ ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ခဲ့ကြောင်း သိရသည်။
“ဒီနေ့ နေ့လယ်က ပိတောက်ကုန်း၊ စည်ပိုင်းနဲ့ ကျွန်တော်တို့ရွာကို ဗုံးတွေနဲ့ ပစ်ခံရတယ်။ PDF တွေက စစ်တပ်က လူတွေရှိတယ်ထင်ပြီး ကျောင်းတွေ ဘုန်းကြီးကျောင်းတွေနဲ့ မြစ်တွေနားကို ဒရုန်းနဲ့ ဗုံးတွေ ပစ်ချခဲ့တာလို့ကြားတာပဲ။ ဒါပေမဲ့ ကျွန်တော်တို့ ဘာမှမသိနားမလည်တဲ့ ရွာသားတွေပဲ သေရတာ။ ဘေးရွာကဆို ကလေး ၂ ယောက်တောင် သေတယ်လို့ကြားတယ်။ ကျွန်တော်တို့ရွာကတော့ ၁ ယောက်သေပြီး ၂ ယောက်တော့ ဒဏ်ရာရသွားတယ်”ဟု မိချောင်းအိုင်ကျေးရွာမှ အမည်မဖော်လိုသူ ရွာသားတစ်ဦးက ဆိုသည်။