၂၁. ၂. ၂၀၂၄
Written by Naing Thuta
အောင်ပန်းမြို့တွင် လက်ဖက်ရည်ဆိုင်တစ်ဆိုင်မှစတင်ကာ ၄၅ မိနစ်ခန့်ကြာ မီးလောင်မှုဖြစ်စဉ်တစ်ခု ယမန်နေ့ညသန်းခေါင်ချိန်က ဖြစ်ပွားခဲ့ပြီး လူနေအိမ် ၃ လုံးမီးလောင်ဆုံးရှုံးသွားကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့(ဖေဖော်ဝါရီ ၂၀ ရက်)ည ၁၁ နာရီ ၄၅ မိနစ်ခန့်က ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အောင်ပန်းမြို့၊ အမှတ် (၁)ရပ်ကွက်၊ အောင်ဆန်းလမ်း၊ မြို့လယ် အမေ့အိမ် စံပြရှေ့၊ ယူနန်-၂ ဘေးရှိ ပျဉ်ထောင်တစ်ထပ် လက်ဖက်ရည်ဆိုင်မှ စတင်ကာ မီးလောင်မှုဖြစ်ပွားခဲ့ရာ မီးလောင်ကျွမ်းမှုဖြစ်ပွားရာနေရာသို့ အောင်ပန်း၊ ကလော၊ ဟဲဟိုးမြို့များရှိ မီးသတ်စခန်းများမှ မီးသတ်ယာဉ် ၆ စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် မြို့သူမြို့သားများဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့သည့်အတွက် ည ၁၂ နာရီ ၃၀ မိနစ်(ဖေဖော်ဝါရီ ၂၁ ရက် နံနက် ၀၀ နာရီ ၃၀ မိနစ်)တွင် မီးလုံးဝငြိမ်းသွားကြောင်း သိရသည်။
“မနေ့က ညနက်က မီးလောင်မှုဖြစ်ပြီး လူနေအိမ် ၃ လုံးမီးထဲပါသွားတယ်။ စလောင်တာက လက်ဖက်ရည်ဆိုင်ကနေ စလောင်တာပါ။ အဲ့ဒီအချိန်က အိပ်ကောင်းနေတဲ့အချိန်ဆိုတော့ ဆိုင်ရှင်တွေလည်း စလောင်လောင်ချင်း မသိလို့ အခုလို အများကြီးဆုံးရှူံးရတာဖြစ်မယ်။ မီးက အရမ်းကြီးတယ်။ ပြီးတော့ မီးသတ်ကားတွေနဲ့ ပရဟိတအဖွဲ့တွေ အများကြီးရောက်လာပြီး ဝိုင်းငြှိမ်းကြတာ။ အောင်ပန်းအနီးက ကလောနဲ့ ဟဲဟိုးမြို့ကပါ လာကူငြှိမ်းပေးကြတယ်။ မီးလောင်တာ နာရီ ဝက် ၄၅ မိနစ်လောက် ကြာတယ်။ အတွင်းပစ္စည်းအချို့ပဲ ရတယ်လို့လည်းကြားတယ်။ ဘယ်လိုစလောင်တယ်ဆိုတာတော့ အတိအကျမသိဘူး”ဟု ဒေသခံတစ်ဦးက ဆိုသည်။
အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် စတင်လောင်ကျွမ်းသည့်လက်ဖက်ရည်ဆိုင် ပျဉ်ထောင်တစ်ထပ်အဆောက်အဦ ၁ လုံး၊ ဆိုင်ဘေးရှိ နှစ်ထပ်တိုက်နေအိမ် ၁ လုံး၊ လေးထပ်တိုက် နေအိမ် ၁ လုံး၊ စုစုပေါင်း လူနေအိမ်အဆောက်အဦ ၃ လုံး မီးလောင်ပျက်စီးခဲ့ပြီး ထိခိုက်ဒဏ်ရာရမှု မရှိခဲ့ကြောင်းနှင့် မီးပေါ့ဆစွာသုံးစွဲခဲ့သည့် လက်ဖက်ရည်ဆိုင်ပိုင်ရှင်အား နယ်မြေခံရဲစခန်းမှ အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်းလည်း သိရသည်။