၂၁. ၂. ၂၀၂၄
Written by Min Mahar
တာချီလိတ်မြို့ရှိ ရွှေလင်းယုန်ဂေါက်ကွင်းအနီးတွင် မောင်းနှင်နေသော မော်တော်ယာဉ်အတွင်းမှ ပေါက်ကွဲမှုဖြစ်ပွားပြီး ယာဉ်မောင်းထိခိုက်ဒဏ်ရာရရှိသွားမှု ယမန်နေ့ညက ဖြစ်ပွားခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့(ဖေဖော်ဝါရီ ၂၀ ရက်)ည ၁၀ နာရီကျော်ခန့်က ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်၊ ဗိုလ်ချုုပ်အောင်ဆန်းလမ်းမကြီးအနီး၊ “ရွှေလင်းယုန်” ဂေါက်ကွင်းအနီးတွင် Isuzu Double Cab (အဖြူရောင်) မော်တော်ယာဉ်သည် မြို့တွင်းဘက်မှ ဟောင်လိတ်ဘက်သို့ သွားလာနေစဉ် ပေါက်ကွဲမှုဖြစ်ကာ ကားမောင်းလာသည့်အမျိုးသား မျက်နှာ၊ ဆီးခုံ၊ ပေါင်၊ ဗိုက်နှင့် လက်တို့တွင် စိုးရိမ်ရဒဏ်ရာများရရှိသွားသည့်အတွက် ဒေသခံလူမှုကူညီရေးယာဉ်ဖြင့် တာချီလိတ်မြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ဆေးကုသမှုခံယူလျှက်ရှိကြောင်း သိရသည်။
ယင်းကဲ့သို့ ပေါက်ကွဲမှုကြောင့် ယာဉ်မောင်းအမျိုးသားတွင် ယာဘက်မျက်လုံးအောက် ပေါက်ပြဲသွားသည့် ဒဏ်ရာ ၁ ချက်၊ ယာဘက်နှုတ်ခမ်းအောက်ပေါက်ပြဲသွားသော ဒဏ်ရာ ၁ ချက်၊ ဝဲဘက်နားရွက်အောက်ပေါက်ပြဲသွားသည့် ဒဏ်ရာ ၁ ချက်၊ ယာဘက်ဗိုက်ပေါက်ထွက်သွားသည့် ဒဏ်ရာ ၁ ချက်၊ ဝဲဘက် ဆီးခုံပေါက်ပြဲဒဏ်ရာ ၁ ချက်၊ ဝဲဘက်ပေါင် ပေါက်ပြဲ ဒဏ်ရာ ၁ ချက်၊ ဝဲဘက် လက်ချောင်းနှစ်ချောင်းကြေမွ (လက်ညှိုး၊ လက်ခလယ်) ဒဏ်ရာများ(စိုရိမ်ရ)ရရှိသွားကြောင်း သိရသည်။
အဆိုပါ ပေါက်ကွဲရသည့်အကြောင်းအရင်းကို သေချာမသိရသေးဘဲ သက်ဆိုင်ရာနယ်မြေခံရဲတပ်ဖွဲ့များမှ စုံစမ်းမှုများပြု လုပ်လျှက်ရှိပြီး ၎င်းမော်တော်ယာဉ်မှာမူ ခေါင်းပိုင်းအမိုးပွင့်ကာ မှန်တံခါးများပျက်စီးသွားကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။