၂၁. ၂. ၂၀၂၄
Written by Thettant
ကိုရီးယားသမ္မတနိုင်ငံက တက္ကသိုလ်တွေ၊ ကိုရီးယားဘာသာစကားသင်တန်းကျောင်းတွေဆီ သင်တန်းတက်ရောက်ဖို့ လာရောက်ကြမဲ့ မြန်မာနိုင်ငံသားတွေဟာ ကျောင်းဝင်ခွင့်ရရှိပြီးနောက်မှာ သက်ဆိုင်ရာ တက္ကသိုလ်၊ ကျောင်းတွေဆီ ကျောင်းဝင်ကြေးနဲ့ ပညာသင်ကာလအလိုက် ပေးသွင်းရမဲ့ သင်တန်းကြေးပေးသွင်းရာမှာ မြန်မာနိုင်ငံကဘဏ်တွေကတစ်ဆင့် တက်ရောက်မဲ့ တက္ကသိုလ်၊ ကျောင်းတွေက သတ်မှတ်ပေးထားတဲ့ ဘဏ်ငွေစာရင်းဆီ တိုက်ရိုက်လွှဲပြောင်းပေးသွင်းနိုင်ခြင်း မရှိသူတွေက ကိုရီးယားသမ္မတနိုင်ငံ ရောက်ရှိနေထိုင်တဲ့ အသိမိတ်ဆွေတွေနဲ့ ပညာရေးဝန်ဆောင်မှုကုမ္ပဏီအချို့ကတစ်ဆင့် ပေးသွင်းနေရပါတယ်။
ဒီလိုပေးသွင်းရာမှာ ကိုရီးယားဘက်က အသိမိတ်ဆွေတွေနဲ့ ကုမ္ပဏီအချို့က သက်ဆိုင်ရာကျောင်းတွေဆီ အမှန်တကယ် ပေးသွင်းပေးမှုမရှိတာကြောင့် မြန်မာနိုင်ငံကနေ ကိုရီးယားနိုင်ငံဆီ လာရောက်ပညာသင်ကြားကြမဲ့သူတွေ ဆုံးရှုံးနစ်နာမှု ဖြစ်ပွားနေလို့ မြန်မာသံရုံးထံ အထောက်အထားတင်ပြ တိုင်ကြားလာမှုတွေ ပြုလုပ်နေကြရတယ်လို့ သံရုံးက ပြောပါတယ်။
ဒါကြောင့် ပညာသင်စရိတ်တွေ လွှဲပြောင်းပေးပို့ရာမှာ မလိုလားအပ်တဲ့ နစ်နာဆုံးရှုံးမှုတွေ၊ အငြင်းပွားမှုတွေနဲ့ တရားရင်ဆိုင်မှုတွေ မဖြစ်ပွားစေဖို့အတွက် လွှဲပြောင်းပေးသူတွေက ငွေလွှဲပြောင်းပေးပို့မှုမပြုမီ သေချာစိစစ်စုံစမ်းပြီး လွှဲပြောင်ကြဖို့နဲ့ အလျင်စလိုလွှဲပြောင်းခြင်း မပြုလုပ်ကြဖို့ သံရုံးက အသိပေးထားပြီး မြန်မာသံရုံး အနေနဲ့လည်း သက်ဆိုင်ရာအာဏာပိုင်တွေနဲ့ ချိတ်ဆက်ဆောင်ရွက်ပြီး လိုအပ်တဲ့စိစစ်မှုတွေ ပြုလုပ်သွားမယ်လို့ သတိပေးချက်မှာ ဖော်ပြထားပါတယ်။