၂၀. ၂. ၂၀၂၄
Written by Ye Kyaw
လက်ရှိတွင် ထိုင်းဗီဇာလျှောက်ထားမှုကို အွန်လိုင်းမှတစ်ဆင့် ဗီဇာရက်ချိန်းရယူခြင်း (VABO) နှင့် လူကိုယ်တိုင်ဗီဇာရက်ချိန်းယူခြင်း နှစ်ခုလုံးကို ဆောင်ရွက်ပေးနေသော်လည်း ဖေဖော်ဝါရီ ၂၆ ရက်နောက်ပိုင်းတွင် အွန်လိုင်းစနစ်တစ်ခုတည်းသာ ပြောင်းလဲသတ်မှတ်နိုင်ခြင်းရှိမရှိကို ထပ်မံထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာထိုင်းသံရုံးက စာအမှတ် (၅/၂၅၆၇)ဖြင့် ယနေ့တွင် ထုတ်ပြန်ထားသည်။
အွန်လိုင်းမှတစ်ဆင့်ဗီဇာရက်ချိန်းရယူခြင်း (Visa Appointment Booking Online-VABO) သို့မဟုတ် ဖော်ပြပါ QR Code သို့ ဝင်ရောက်ပြီး ဗီဇာရက်ချိန်းကို ယခုကြေညာစာထုတ်ပြန်သည့်နေ့မှစ၍ အွန်လိုင်းမှတစ်ဆင့် ရယူနိုင်မည်ဖြစ်သည်။
ဖေဖော်ဝါရီ ၂၂ ရက် (ကြာသပတေးနေ့)မှ စတင်၍ အွန်လိုင်းမှတစ်ဆင့် ဗီဇာရက်ချိန်းကို တစ်ရက်လျှင် တိုကင်နံပါတ် ၂၀၀ နှုန်းဖြင့် ရက် ၃၀ ကြိုတင်၍ ရက်ချိန်းရယူနိုင်မည်ဖြစ်ပြီး (ဥပမာ ဖေဖော်ဝါရီ ၂၃ ရက်နေ့အထိ ဗီဇာရက်ချိန်း ဝင်ရောက်ရယူလိုသူများသည် ဖေဖော်ဝါရီ ၂၃ ရက်မှစ၍ မတ်လ ၂၂ ရက်နေ့အထိ ရက်ချိန်းရွေးခွင့်ရှိသည်။) အွန်လိုင်းမှ ဗီဇာရက်ချိန်းရယူထားသူများသည် အီးမေးလ်နှင့် ဗီဇာရက်ချိန်းရရှိထားသသောပုံ သို့မဟုတ် အီးမေးလ်မှတစ်ဆင့် ပို့ပေးထားသော ဗီဇာရက်ချိန်းစာရွက်ကို ဗီဇာလာလျှောက်မည့်ရက်တွင် တာဝန်ရှိသူများ စစ်ဆေးနိုင်ရန်အတွက် ယူဆောင်လာရမည်ဖြစ်သည်။
သံရုံးရှေ့တွင် လူကိုယ်တိုင်ဗီဇာရက်ချိန်းယူခြင်းကို ဖေဖော်ဝါရီ ၂၁ ရက် နေ့လယ် ၁၂ နာရီအချိန်တွင် ထိုင်းသံရုံးရှေ့၌ ဗီဇာလျှောက်ထားတိုကင်ကို ဖေဖော်ဝါရီ ၂၂ ရက်မှ ဖေဖော်ဝါရီ ၂၃ ရက်များအတွက် တစ်ရက်လျှင် တိုကင်နံပါတ် ၂၀၀ နှုန်းဖြင့် ပေးဝေသွားမည်ဖြစ်သည်။
ဖေဖော်ဝါရီ ၂၆ ရက်မှစ၍ သံရုံးရှေ့တွင် လူကိုယ်တိုင်ဗီဇာရက်ချိန်းယူခြင်း ပမာဏကို ရေတွက်ပြီး (လူကိုယ်တိုင်ဗီဇာရက်ချိန်းယူခြင်းစနစ်) မှ အွန်လိုင်းမှတစ်ဆင့် ဗီဇာရက်ချိန်းယူခြင်း ပမာဏကို VABO) စနစ် တစ်ခုသာ ပြောင်းလဲသတ်မှတ်နိုင်ခြင်းရှိမရှိတို့ကို သံရုံးမှတစ်ဆင့် အမြန်ဆုံးအကြောင်းပေးသွားမည်ဖြစ်သည်။
တာဝန်ရှိသူများမှ ပတ်စပို့စ်နှင့် သေချာစစ်ဆေးပြီး မှန်ကန်မှသာလျှင် ဗီဇာလျှောက်ထားသူကိုယ်တိုင် တိုကင်ထုတ်ယူပြီး နာမည်စာရင်းရေးမှတ်ရမည်ဖြစ်သောကြောင့် အဆိုပါ တိုကင်နံပါတ်များကို တစ်ခြားသူထံ လွှဲပြောင်းခြင်း ပြုလုပ်နိုင်မည်မဟုတ်ဘဲ တိုကင်နံပါတ်တစ်ခုသည် လျှောက်မည့်သူတစ်ဦးအတွက်သာ အကျုံးဝင်မည်ဖြစ်သည်။ အကယ်၍ တိုကင်နံပါတ်အား အလွှဲသုံးစားလုပ်ခြင်း (သို့မဟုတ်) တိုကင်အတုအပပြုလုပ်သည်ကို တွေ့ရှိပါက ဗီဇာလျှောက်ထားခွင့် ပိတ်ပင်မည်ဖြစ်ပြီး Blacklist ထဲ၌ မှတ်တမ်းတင်ထားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။