၂၀. ၂. ၂၀၂၄
Written by Ye Kyaw
မြန်မာနိုင်ငံကူးလက်မှတ်များအား ရန်ကုန်ရုံးအပြင် အခြားနယ်ရုံးခွဲများတွင်လည်း ပုံမှန်လုပ်ငန်းစဉ်များအတိုင်း စိစစ်ထုတ်ပေးနေသော်လည်း ကောလာဟလသတင်းများ ထုတ်လွှင့်ပြီး Passport လုပ်ငန်းစဉ်များကို ငွေကြေးအဆမတန် တောင်းခံနေသည့် ကြားခံပွဲစားများအား ဖော်ထုတ်အရေးယူသွားမည် မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့မှ အသိပေးထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့အနေဖြင့် နိုင်ငံကူးလက်မှတ်များအား ပုံမှန်လုပ်ငန်းစဉ်အတိုင်း စိစစ်ထုတ်ပေးလျက်ရှိရာ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး(ရန်ကုန်)တွင် Online Booking တင်၍ QR စနစ်ဖြင့် ၂၇၀၀ ဦးနှုန်းဖြင့်လည်းကောင်း၊ နေပြည်တော်၊ မြစ်ကြီးနား၊ ဟားခါး၊ လွိုင်ကော်၊ မကွေး၊ မန္တလေး၊ မုံရွာ၊ တောင်ကြီး၊ ကျိုင်းတုံ၊ လားရှိုး၊ တာချီလိတ်၊ ဘားအံ၊ မြဝတီ၊ မော်လမြိုင်၊ ထားဝယ်၊ ကော့သောင်း၊ ပုသိမ်၊ စစ်တွေ၊ ပဲခူးမြို့များရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးခွဲများတွင် သတ်မှတ်လူဦးရေအတိုင်းလည်းကောင်း ရုံးဖွင့်ရက်များတွင် နေ့စဉ် လက်ခံဆောင်ရွက်ပေးလျက်ရှိသည်။
လက်ရှိအချိန်တွင် နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးနှင့် ပတ်သက်ပြီး ကောလာဟလသတင်းများ ထွက်ပေါ်နေ၍ နိုင်ငံကူးလက်မှတ်ရရှိရေး စိုးရိမ်မှုပန်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရှိသဖြင့် အမှန်တကယ်သွားရောက်လိုသူများကို ယခင်သတ်မှတ်ထားသော လုပ်ငန်းစဉ်၊ ခွင့်ပြုအရေအတွက်များအတိုင်း ဆက်လက်ထုတ်ပေးသွားမည်ဖြစ်ကြောင်းနှင့် ကောလာဟလသတင်းများ ထုတ်ပြန်၍ ငွေကြေးအဆမတန်တောင်းခံသူများ၊ ကြားခံပွဲစားများအား ဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။
လက်ရှိအချိန်တွင် ပြည်သူလူထုများအကြား စိုးရိမ်စိတ်များဖြင့် နိုင်ငံကူးလက်မှတ်(Passport)များ ယခင်ထက် ပိုမိုဆောင်ရွက်လာမှုများရှိပြီး အဆိုပါအခြေအနေများအပေါ် ကြားခံပွဲစားများအနေဖြင့် နိုင်ငံကူးလက်မှတ် (Passport) ရရှိရေးအတွက် ကျပ်သိန်းဆယ်နှင့်ချီကာ တောင်းခံနေမှုများလည်း ဖြစ်ပေါ်နေခြင်းဖြစ်သည်။
စိုးရိမ်မှုမြင့်တက်နေသည့် ပြည်သူအချို့မှာမူ ရန်ကုန်သန်းခေါင်စာရင်းများမှ ထွက်ကာ နယ်မြို့ရှိ ယခင်သန်းခေါင်စာရင်းများသို့ ပြန်လည်ထည့်သွင်းပြီး နယ်မြို့များရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးခွဲများသို့ လျှောက်ထားရန် စီစဉ်ဆောင်ရွက်နေမှုပါ ဖြစ်ပေါ်နေခြင်းဖြစ်သည်။
“အခုက စင်ကာပူကို ထွက်ဖို့၊ Passport လုပ်ဖို့ ရုံးကအသိကိုပဲ ဖုန်းဆက်တာ အခုလုပ်ရင် ဇူလိုင်လမှပဲရမယ်။ QR တွေ ဘာတွေနဲ့ပဲ။ ပုံမှန်လမ်းကြောင်းကို ကိုယ်လုပ်စရာမလိုဘူး။ သူတို့အကုန်လုပ်ပေးမှာပေါ့။ တစ်သိန်းခွဲလို့ ပြောတယ်။ အမြန်လုပ်မယ်ပြောတာကို လုပ်လို့မရဘူးလို့။ ပုံမှန်လမ်းကြောင်းကို ကိုယ်လုပ်စရာမလိုဘဲ သူတို့လုပ်ပေးတာကိုပဲ ဝန်ဆောင်ခနဲ့ဘာနဲ့ တစ်သိန်းခွဲပြောတာ။ အမြန်ကြေးက မရှိတော့တာလား။ ဖမ်းမှာမို့ မလုပ်ပေးတော့တာလားမသိ။ မရဘူးဘဲ ပြောတယ်” ဟု စင်ကာပူသို့ ထွက်ရန်ဆောင်ရွက်နေသည့် တောင်ဒဂုံမြို့နယ်မှ အင်ဂျင်နီယာတစ်ဦးက ပြောသည်။