MT News
၂၀. ၂. ၂၀၂၄
ပတ်ဝန်းကျင်၊ လူမှုဘဝနဲ့ စီမံအုပ်ချုပ်မှုဆိုင်ရာ ESG ကဏ္ဍမှာ ရင်းနှီးမြှုပ်နှံတဲ့ အမေရိကန်၊ UK နဲ့ ဒတ်ချ်(နယ်သာလန်)တို့က ကုမ္ပဏီကြီးသုံးခုကို တပ်မတော်နဲ့ ဆက်နွှယ်နေတဲ့ ကုမ္ပဏီတွေအတွက် ဝန်ဆောင်မှုပေးတယ်ဆိုကာ တိုင်ကြားထားတာကြောင့် စိစစ်ခံနေရတယ်ပြောပါတယ်။
MSCI၊ FTSE Russell နဲ့ S&P Dow Jones Indices ကုမ္ပဏီတို့ဟာ “တာဝန်သိသော ရင်းနှီးမြှုပ်နှံမှု” ကုမ္ပဏီတွေထဲ ကြီးမားတဲ့လုပ်ငန်းတွေ ဖြစ်ကြပေမဲ့လည်း အမေရိကန်၊ ယူကေနဲ့ ဒတ်ခ်ျ(နယ်သာလန်)နိုင်ငံ အစိုးရတွေထံ တင်ပြ တိုင်ကြားချက်အရ ဒီကုမ္ပဏီတွေက “ESG” အမည်ခံပြီး တပ်မတော်နဲ့ ဆက်နွှယ်မှုရှိတဲ့ ကုမ္ပဏီ ဒါဇင်ပေါင်းများစွာကို တိုက်ရိုက်ရင်းနှီး မြှုပ်နှံမှုပေးရာမှာ ကူညီတာကြောင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့အစည်း (OECD) က ချမှတ်ထားတဲ့ စည်းမျဉ်းအရ တာဝန်သိစီးပွားရေးလုပ်ဆောင်မှုဆိုင်ရာ လမ်းညွှန်ချက်ကို ချိုးဖောက်လျက်ရှိတာကြောင့် စိစစ်ခံနေရတာဖြစ်ပါတယ်။
MSCI ၊ FTSE Russell & S&P Dow Jonews ကုမ္ပဏီတို့ဟာ ပတ်ဝန်းကျင် လူမှုဘဝနှင့် စီမံအုပ်ချုပ်မှု (ESG) ရဲ့ နိယာမတွေကို ဦးစားပေးတဲ့ရင်းနှီးမြှုပ်နှံမှုတွေအတွက် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အညွှန်းကိန်းတွေကို ဦးဆောင်ပံ့ပိုးပေးပါတယ်။ သူတို့ဟာ တပ်မတော်နဲ့ ဆက်နွှယ်လျက်ရှိတဲ့ ဒါဇင်ချီကုမ္ပဏီတွေကို ESG အမည်ခံပြီး ရင်းနှီးမြှုပ်နှံမှုတွေ အားပေးမြှင့်တင်ပေးနေခြင်းနဲ့ OECD ရဲ့ လမ်းညွှန်ချက်တွေ ချိုးဖောက်လျက်ရှိတယ်ဆိုပြီး Inclusive Development International (IDI)ı Alternative ASEAN Network on Burma (ALTSEAN-Burma) နဲ့ Blood Money Campaign of Myanmar (BMC) တို့က တိုင်ကြားခဲ့တာဖြစ်ပါတယ်။
တိုင်ကြားစာမှာ ဒီကုမ္ပဏီသုံးခုဟာ လူ့အခွင့်အရေးဆိုင်ရာ တာဝန်သိစွာ စိစစ်ခြင်းပြုလုပ်ဖို့ (Due Diligence) ပျက်ကွက်ခဲ့ပုံကို ဖော်ပြထားသလို Inclusive Development International ရဲ့ အကြီးတန်း ဥပဒေရေးရာနှင့် မူဝါဒရေးရာ ဒါရိုက်တာ Natalie Bugalski က “OECD ရဲ့ စီးပွားရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ နိုင်ငံတကာမူဘောင်အောက်မှာ သူတို့ဟာ ‘တာဝန်ယူမှုရှိတဲ့ ရင်းနှီးမြှုပ်နှံမှုများ’ အနေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ ပါဝင်ပတ်သက်မှုမရှိစေဖို့ သူတို့ရဲ့ ဩဇာအာဏာကို အသုံးပြုဖို့တာဝန်ရှိပေမဲ့ သူတို့ရဲ့ ဩဇာအာဏာကို အသုံးပြုရမဲ့အစား၊ အလွဲသုံးစားမှုကိုတားဆီးဖို့ ဒါမှမဟုတ် လျော့ပါးစေဖို့ ကြိုးပမ်းတာမရှိဘဲ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုနဲ့ ဖိနှိပ်မှုအတွက် ဆက်နွယ်ပတ်သက်တဲ့၊ ငွေကြေးထောက်ပံ့နေတဲ့ ကုမ္ပဏီတွေကို ESG တံဆိပ်ကပ် ရင်းနှီးမြှုပ်နှံမှုပေါင်းများစွာကို လမ်းညွှန်ပေးလျက်ရှိနေပါတယ်”လို့ မှတ်ချက်ပြုပါတယ်။