◾ မန္တလေးတိုင်း၊ တနင်္သာရီတိုင်းနှင့် ကချင် ပြည်နယ်တို့တွင် အများဆုံး ဖမ်းဆီးရမိခဲ့ဟု ဆို
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ ဖွဲ့စည်းခဲ့ပြီး နောက်ပိုင်း ၂၄ လတာ (၂ နှစ်) ကာလအတွင်း ဖမ်းဆီးရမိအမှုတွဲ ၁၀,၃၉၅ မှုနှင့် ခန့်မှန်းတန်ဖိုးကျပ် ၂၀၀ ဒသမ ၄၂၂ ဘီလျံ ဖမ်းဆီးရမိခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ယနေ့ ပြုလုပ်သည့် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၄) တွင် ပြောကြားခဲ့သည်။
ဖမ်းဆီးရမိမှုများကို အနီးကပ်ဆုံး တစ်နှစ်တာကာလဖြစ်သည့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအတွင်း ပြန်လည်သုံးသပ်ကြည့်မည်ဆိုပါက အကောက်ခွန်ဦးစီးဌာနက တာဝန်ယူဖမ်းဆီးသည့် အပြည်ပြည်ဆိုင်ရာ (လေဆိပ်)၊ အမြဲတမ်းစစ်ဆေးရေးစခန်းများ၊ ကုန်သွယ်ရေးဇုန်၊ ကုန်သွယ်ရေးစခန်းများနှင့် အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများက ဖမ်းဆီးရရှိမှု အများဆုံးဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဖမ်းဆီးရရှိမှုများတွင် မန္တလေးတိုင်းဒေသကြီးက အများဆုံးဖမ်းဆီးရမိ၍ ဒုတိယအများဆုံးအနေဖြင့် တနင်္သာရီတိုင်းဒေသကြီးနှင့် တတိယအများဆုံးအနေဖြင့် ကချင်ပြည်နယ်တို့က ဖမ်းဆီးရမိခဲ့သည်ကို တွေ့ရှိကြောင်း SAC ဒုဥက္ကဋ္ဌက ပြောကြားသည်။
ကုန်ပစ္စည်းအုပ်စုများအလိုက် ဖမ်းဆီးရရှိမှုများကို စိစစ်ရာတွင် လိုင်စင်မဲ့မော်တော်ယာဉ်နှင့် တရားမဝင် ကုန်ပစ္စည်းများဖြစ်သည်ကို တွေ့ရကြောင်း၊ ဖမ်းဆီးရရှိမှုများအနေဖြင့် ၂၀၂၂ ခုနှစ်ထက် ၂၀၂၃ ခုနှစ်တွင် တန်ဖိုးကျပ် ၇၀ ဒသမ ၃၁ ဘီလျံခန့် ပိုမိုဖမ်းဆီးနိုင်ခဲ့သည်ကို တွေ့ရှိရကြောင်း SAC ဒုဥက္ကဋ္ဌက ပြောကြားသည်။
ထို့ကြောင့် အပြည်ပြည်ဆိုင်ရာလေဆိပ်များနှင့် ဆိပ်ကမ်းများ၊ နယ်စပ်စခန်းများနှင့် အမြဲတမ်းစစ်ဆေးရေးစခန်းများတွင် တာဝန်ကျသည့်ဝန်ထမ်းများ၊ နေပြည်တော်ကောင်စီ အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့များအနေဖြင့် တရားမဝင် ကုန်သွယ်မှုများကို ယခုထက် ပိုမိုထိရောက်စွာ ကြပ်မတ်၊ တားဆီးစစ်ဆေးပြီး ဥပဒေနှင့်အညီ ဖမ်းဆီးရေးယူ ဆောင်ရွက်ကြရန်လိုအပ်နေသည်မှာ ထင်ရှားနေပါကြောင်း SAC ဒုဥက္ကဋ္ဌက ပြောကြားသည်။
တရားမဝင်ကုန်သွယ်မှု၏ ရာခိုင်နှုန်း ၆၀ ခန့်သည် မှောင်ခိုကုန်သွယ်မှုဖြစ်ပြီး ရာခိုင်နှုန်း ၃၀ ခန့်သည် ကျသင့်တန်ဖိုးအောက် ဖော်ပြ၍ ကုန်သွယ်မှုဆောင်ရွက်ခြင်းနှင့် ၁၀ ရာခိုင်နှုန်းသည် တရားဝင်၊ တရားမဝင် အပြိုင်တင်သွင်းမှုတို့ဖြစ်ကြောင်း၊ တရားမဝင်ကုန်သွယ်မှုကြောင့် နောက်ဆက်တွဲ ဆုံးရှုံးမှုများအနေဖြင့် အဂတိလိုက်စားမှုများကို ဖြစ်ပေါ်စေခြင်း၊ အမှန်တကယ်လုပ်ကိုင်နေသူများကို ထိခိုက်နစ်နာစေခြင်းနှင့် နိုင်ငံ့အတွက် အခွန်ဘဏ္ဍာများ မရရှိသည့်အတွက် ဝင်ငွေအကြီးအကျယ်ဆုံးရှုံးခြင်းတို့ ဖြစ်ပေါ်နိုင်ကြောင်းကို တွေ့ရှိရကြောင်း SAC ဒုဥက္ကဋ္ဌက ပြောကြားသည်။
၁၉. ၂. ၂၀၂၄
Written by Nyein Kyaw