၁၉. ၂. ၂၀၂၄
Written by Nay Moe
ပဲခူးတိုင်း၊ သာယာဝတီခရိုင်သစ်တောအုပ်အပါအဝင် သစ်တောဝန်ထမ်း ၅ ဦးကို YOMA GBK PDF သာယာဝတီခရိုင်၊ တပ်ရင်း ၃၈၀၁၊ တပ်ခွဲ (၁) အဖွဲ့က အရှင်ဖမ်းဆီးပြီးမှ သတ်ဖြတ်လိုက်တယ်လို့ သိရပါတယ်။
YOMA GBK ပြည်သူကာကွယ်ရေးတပ်ဖွဲ့ဟာ ကွင်းချောင်းအုပ်စု၊ ညောင်ပင်အိုင်ကျေးရွာထဲမှာ သာယာဝတီခရိုင် သစ်တောအုပ် ဦးကျော်ဆန်းဝင်းနဲ့ ဦးကျော်စွာဝင်း၊ ဦးခင်ရင်၊ ဦးဇော်ဝင်း၊ ဦးသက်နိုင်ထွန်းတို့ကို ဖမ်းဆီး သတ်ဖြတ်လိုက်တာ ဖြစ်တယ်လို့ ဖေဖော်ဝါရီ ၁၈ ရက်မှာ ထုတ်ပြန်ထားပါတယ်။ နိုင်ငံ့ဝန်ထမ်းငါးဦးကို Yoma GBK PDF အဖွဲ့က သတ်ဖြတ်အပြီးမှာ ဝန်ထမ်းကတ် ၃ခု ၊ ဆိုင်ကယ် ၃ စီး ၊ ဖုန်း ၅ လုံး သိမ်းဆည်းရမိခဲ့တယ်လို့ NUG ဩဇာခံ YOMA GBK PDF သာယာဝတီခရိုင်တပ်ရင်း ၃၈ဝ၁၊ တပ်ခွဲ (၁) အမှတ်-(၂)စစ်ဒေသခွဲ၊ တောင်ပိုင်းတိုင်းစစ်ဒေသရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီဖြစ်စဥ်မှာ သစ်တောအုပ်အဖွဲ့ဟာ CDM ပြုလုပ်ထားတဲ့ ဆင်တွေ လာရောက်ဖမ်းဆီးတာ၊ PDF အဖွဲ့ တွေ နေထိုင်ရာ နေရာတွေ စုံစမ်းလေ့လာတာ၊ ဆင်ဝိုင်းကျေးရွာ ဆင်စခန်းမီးရှို့တာ၊ PDF စခန်းတည်နေရာသတင်းပေးတာလုပ်လို့ ဖမ်းပြီးသတ်လိုက်တာလို့လည်း Yoma GBK PDF အဖွဲ့က အကြောင်းပြချက်ပေးပါတယ်။
ပဲခူးတိုင်းဟာ နိုင်ငံ့ဝန်ထမ်းတွေ၊ အုပ်ချုပ်ရေးမှူးတွေ အများအပြားသတ်ဖြတ်ခံရတဲ့တိုင်းတစ်ခုဖြစ်သလို နွေဦးတော်လှန်ရေးစတင်ချိန်ကနေ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂၉ ရက်အထိ ကလေးသူငယ် ၂၃၀ ကျော်၊ သံဃာတော် အပါး ၉၀ ကျော်၊ ရပ်ကျေးအုပ်ချုပ်ရေးမှူး ၁၀၀၀ ပတ်လည်၊ ဆရာဆရာမ ၈၀ နီးပါးနဲ့ ကျောင်းသားကျောင်းသူတွေစတဲ့ ပြည်သူ ၆၈၈၀ ကျော်ဟာ “ဒလန်၊ သူလျှို၊ နစကယန္တရားလည်ပတ်အောင်ပြုလုပ်ပေးသူ” ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ NLD, NUG, PDF၊ EAOs တို့ရဲ့ သတ်ဖြတ်မှုခံထားရပါတယ်။