၁၈. ၂. ၂၀၂၄
Written by Nyein Kyaw
တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် နှစ်နိုင်ငံဆက်ဆံရေးကို အေးအတူပူအမျှ အသိုက်အဝန်း တစ်ခုအဖြစ် အတူယှဉ်တွဲနေထိုင်လျက်ရှိသောကြောင့် မိမိတို့မြန်မာနိုင်ငံတွင် ဆောင်ရွက်နေသည့် တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များတွင်လည်း တရုတ်နိုင်ငံနှင့် တရုတ်လူမျိုးများအနေဖြင့် ဆက်လက် ကူညီဆောင်ရွက်ပေးရန် ပန်ကြားလိုကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ ညနေပိုင်းတွင် အမျိုးသားအားကစားပြိုင်ပွဲရုံ(၁) သုဝဏ္ဏ၌ ကျင်းပပြုလုပ်သည့်၂၀၂၄ ခုနှစ် ရွှေနဂါးတရုတ်နှစ်သစ်ကူးပွဲတော် အခမ်းအနားတွင် ပြောကြားသည်။
ထူးခြားမှူအနေဖြင့် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးက တရုတ်နှစ်သစ်ကူးနေ့ကို ယခုနှစ်မှစပြီး ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့တွင် စတင်ကျင်းပခဲ့ကာ တရားဝင်ရုံးပိတ်အဖြစ် သတ်မှတ်ပေးခဲ့သည်ကို တွေ့ရှိရပါကြောင်း၊ ယင်းသည် တရုတ်နိုင်ငံနှင့် တရုတ်လူမျိုးများ၏ နိုင်ငံတကာရေးရာ ကိစ္စရပ်များတွင် တက်ကြွစွာဖြင့် ဘက်မလိုက်ဘဲ မှန်ကန်စွာ ဆောင်ရွက်ခဲ့မှုနှင့် ကမ္ဘာ့နိုင်ငံများက တရုတ်နိုင်ငံအပေါ် ယုံကြည်မှုရှိသည်ကို ပြသခြင်းပင်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
တရုတ်နိုင်ငံသည် မြန်မာ့အရေးနှင့် ပတ်သက်ပါက ခေတ်အဆက်ဆက် အိမ်နီးချင်းကောင်းဟူသည့် ဂုဏ်ပုဒ်အပြင် မိတ်ဆွေကောင်းဟူသည့် ခံယူချက်ဖြင့် ရပ်တည်ပေးခဲ့သည့် နိုင်ငံဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ ပြည်တွင်းရေးရာကိစ္စရပ်များနှင့် ပတ်သက်ပြီး နိုင်ငံတကာစာမျက်နှာများတွင် မှန်ကန်သည့်လမ်းကြောင်းအတိုင်း ရပ်တည်ပေးလျက်ရှိနေသည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် တရုတ်လူမျိုးတို့၏ မိတ်ကောင်းဆွေမွန်ပီသမှုအတွက် အထူးပင်ကျေးဇူးတင်ရှိကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
ပြီးခဲ့သည့်နှစ်များအတွင်း တရုတ်-မြန်မာနှစ်နိုင်ငံအကြား ကဏ္ဍအသီးသီး၌ အတူတကွ ကြိုးပမ်းဆောင်ရွက်ခဲ့ကြသောကြောင့် ယုံကြည်မှုများနှင့် ချစ်ကြည်ရင်းနှီးမှုများ ပိုမိုတိုးမြှင့်ခိုင်မာအောင် တည်ဆောက်နိုင်ခဲ့ပါကြောင်း၊ နှစ်သစ်တွင် နှစ်နိုင်ငံနှင့် နှစ်နိုင်ငံရှိ ပြည်သူများအနေဖြင့် ငြိမ်းချမ်းခြင်း၊ ချစ်ခင်ခြင်း၊ အပြန်အလှန်လေးစားခြင်းတို့ဖြင့် ပြည့်ဝပြီး နှစ်နိုင်ငံအကျိုးအတွက် ဆောင်ရွက်နိုင်ပါစေကြောင်း၊ နှစ်နိုင်ငံအကြား ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး အဓွန့်ရှည်ခိုင်မြဲပါစေကြောင်း SAC ဥက္ကဋ္ဌက ဆုမွန်ကောင်း စကားပြောကြားခဲ့သည်။