၁၇. ၂. ၂၀၂၄
Written By Thandar
စာရေးဆရာမ ဒေါက်တာစိမ့်စမ်းဖြူနဲ့ 7887 မိသားစုရဲ့ စတုဒိသာအလှူပွဲနဲ့ အခမဲ့ကျန်းမာရေးဟောပြောပွဲကို ယနေ့ ဖေဖော်ဝါရီ ၁၇ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ လှိုင်သာယာမြိုန့ယ်၊ ၁၀ ရပ်ကွက်ရှိ ဆုတောင်းပြည့် မဟာရွှေ စေတီတော်ဝင်းမှာ ကျင်းပခဲ့ပါတယ်။
“စိမ့်က 7887 Call Center ရဲ့ Brand Ambassador ဖြစ်တာကြောင့် ဒီ ၂၀၂၄ ခုနှစ်ကစပြီးတော့ အခမဲ့ ကျန်းမာရေး ဟောပြောပွဲတွေ အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုတွေ တခြားဖုန်းပြောကြားမှုတွေ တစ်နှစ်လုံးမှာ တောက်လျှောက်လုပ်သွားမှာပါ။ ဒါကလည်း ၂၀၂၄ ခုနှစ်မှာ Activity တွေက တစ်ခုပါ။ ဒီရှေ့မှာလည်း စမ်းချောင်းဘက်မှာလည်း Mobile Clinic တွေ လုပ်ခဲ့တယ်။ ဒီနေ့ကလည်း ဒီကျန်းမာရေး စောင့်ရှောက်မှုတွေထဲက တစ်ခုပေါ့။ လက်ရှိ ဖြစ်ပေါ်နေတဲ့ အခြေခံလူတန်းစားတွေ ကျန်းမာရေး စောင့်ရှောက်မှုတွေ အဓိကလိုအပ်နေတာကို တစ်ထောင့်တစ်နေရာက ဖြည့်ဆည်းပေးတဲ့ သဘောပါ”လို့ စာရေးဆရာမ ဒေါက်တာစိမ့်စမ်းဖြူက ပြောပါတယ်။
အဆိုပါ အခမ်းအနားမှာတော့ အန္တရာယ်အတွင်းက ကလေးငယ်များနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေ ကျန်းမာရေးအသိပညာတွေကို ဟောပြောခဲ့ပြီး လှိုင်သာယာမြို့နယ် ရပ်ကွက်နေ ကလေးနဲ့ မိခင်တွေ၊ ကိုယ်ဝန်ဆောင်သည်တွေအပြင် သက်ကြီးရွယ်အိုတွေလည်း တက်ရောက်ခဲ့ကြပါတယ်။ ဒါ့အပြင် တက်ရောက်လာကြသူတွေကို ကျန်းမာရေး စောင့်ရှောက်မှုအနေနဲ့ ဆီးချို သွေးတိုး အခမဲ့စစ်ဆေးပေးတာ၊ ဆေးဝါးတွေကိုလည်း အခမဲ့ထုတ်ဝေ ပေးခဲ့သလို ကြာဇံကြော်၊ စားစရာမုန့်တစ်ချို့ကိုလည်း ဝေငှပေးခဲ့ကြပါတယ်။
“ဝေလံပြီးတော့ သွားလာရခက်ခဲတဲ့ ကျေးလက်တွေကို အဓိကထားပြီး ၂၀၁၆ ခုနှစ်က ဆရာဝန်တွေနဲ့ ၂၄ နာရီပတ်လုံး တိုင်ပင်ဆွေးနွေးမှုကို စတင်ခဲ့ပါတယ်။ ပြည်သူ လူထုကို ကျန်းမာရေးအသိပညာတွေပေးချင်တယ်။ ဖုန်းတွေ ကျယ်ကျယ်ပြန့်ပြန့်ရချိန်မှာ ဖုန်းနဲ့စတင်ပြီး ဒီစင်တာကို တည်ထောင်ပြီး ဆယ်စုနှစ် နီးပါးတိုင်အောင်ကျန်းမာရေး ဝန်ဆောင်မှုတွေပေးခဲ့တာပါ။ မြန်မာပြည်ရောဂါဖြစ်မှ ဆေးရုံ ဆေးခန်းသွားတာမဟုတ်ဘဲ ကာကွယ်ခြင်းအဆင့်ကနေ ကြိုတင်ကုသနိုင်ဖို့အတွက် ရည်ရွယ်ပါတယ်” လို့ 7887 Call Center က ဒေါက်တာစွမ်း ဆောင်ဦးက ပြောပါတယ်။