၁၆.၂.၂၀၂၄
Written By Thandar
ပရိသတ်ချစ်ခင်အားပေးမှုများစွာ ရရှိထားတဲ့ အကယ်ဒမီသုံးထပ်ကွမ်း မင်းသမီးကြီး ဝါဝါဝင်းရွှေဟာ အသက်အရွယ်လေးတစ်ခုရောက်လာတာမို့ ကျန်းမာရေးစစ်ဆေးမှုတွေလုပ်ဆောင်နေတာဖြစ်တယ်လို့ သားဖြစ်သူ ကိုဝင်းထွဋ်ဝင်းက MT Entertainment ကိုပြောပါတယ်။
“အမေကတော့ ဘာမှတော့ ထွေထွေထူးထူးတော့ မဟုတ်ပါဘူး။ လူကြီးရောဂါပါပဲ။ Antibiotics ဆေးတွေ သွင်းစရာရှိလို့ပါ။ အကြီးအကျယ် ရောဂါတော့ မဟုတ်ပါဘူး။ ပိုးသတ်ဆေးလေးသွင်းတာဆိုတော့ တစ်ပတ်လောက် နားပြီးဆေးသွင်းတာပါ။ ကျန်တဲ့ရောဂါအခြေအနေလည်း အားလုံးကောင်းပါတယ်။ နှလုံးရောဂါအခြေအနေပြန်စစ်တော့လည်း အားလုံးကောင်းပါတယ်။ စစ်ရင်း ဆေးလေးသွင်းပြီး ခဏနားတဲ့ သဘောပါ” လို့ ထပ်ဆင့်အကယ်ဒမီ ဝါဝါဝင်းရွှေရဲ့ သားဖြစ်သူ ကိုဝင်းထွဋ်ဝင်းက MT Entertainment ကို ပြောပါ တယ်။
မင်းသမီးကြီး ဝါဝါဝင်းရွှေကတော့ လက်ရှိ ရန်ကုန်မြို့ ကန်သာယာဆေးရုံမှာ ကျန်းမာစစ်ဆေးမှုခံယူနေရလို့ ပြီးခဲ့တဲ့ ရက် ပိုင်းက မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ဥက္ကဋ္ဌ ဦးကြည်စိုးထွန်း ၊ ဒုတိယဥက္ကဋ္ဌ ဦးအေးကြူလေး၊ နယကကြီးတွေဖြစ်တဲ့ ဦးနှင်းမိုးနဲ့ ဦးအောင်လွင်တို့က လက်ဆောင်တွေနဲ့ သွားရောက်တွေ့ဆုံ အားပေးစကားပြောခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒါရိုက်တာ စင်ရော်မောင်မောင်ကလည်း ဆေးရုံကို သွားရောက်တွေ့ဆုံခဲ့ပါတယ်။ သူမကတော့ လာမယ့် ဖေဖော်ဝါရီ ၁၉ ရက် (သို့) ဖေဖော်ဝါရီ ၂၀ ရက်လောက် ဆေးရုံကဆင်းမှာ ဖြစ်တယ်လို့ သိရပါတယ်။
“အမေကို စိတ်ပူနေတဲ့ ပရိသတ်တွေကိုတော့ စိတ်မပူကြပါနဲ့လို့ ပုံမှန်ဆေးစစ်မှုလေးလုပ်တာပါ။ သက်ကြီးပိုင်းမှာတော့ ဆေးရုံနဲ့ ဆရာဝန်ကတော့ ခဏခဏပြသစစ်ဆေးရတာတွေရှိပါတယ်လို့ အစ်ကိုကလည်း သေချာလည်း ဂရုစိုက်ပေးနေပါတယ်။ အမေက ချစ်ခင်ပေးကြလို့လည်း ပီတိဖြစ်ရပါတယ်”လို့ သူက ဆက်ပြောပါတယ်။