၁၃. ၂. ၂၀၂၄
Written by Nay Aung
မြန်မာနိုင်ငံ၏ ၂၀၂၃ ခုနှစ်အတွင်း ကားရောင်းချရမှုအရေအတွက်သည် ၂၀၂၂ ခုနှစ်နှင့်နှိုင်းယှဉ်လျှင် များစွာ ကျဆင်းခဲ့ကြောင်း အာဆီယံ မော်တော်ယာဉ်ထုတ်လုပ်ရောင်းချရေး ဖက်ဒရေးရှင်းအဖွဲ့ (AAF)၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။
မြန်မာနိုင်ငံသည် ၂၀၂၃ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ ကားအစီးရေပေါင်း ၃၃၅၇ စီး ရောင်းချနိုင်ခဲ့ပြီး ၂၀၂၂ ခုနှစ်နှင့်နှိုင်းယှဉ်လျှင် ၅၀ ရာခိုင်နှုန်းကျော်ကျဆင်းခဲ့ကြောင်း၊ ၂၀၂၂ ခုနှစ်အတွင်းက မြန်မာနိုင်ငံတွင် ကားအစီးရေပေါင်း ၇၀၆၈ စီးရောင်းချနိုင်ခဲ့ကြောင်း AAF ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် ပြီးခဲ့သော ၂၀၂၃ ခုနှစ် ဇွန်လနှင့် သြဂုတ်လတို့တွင် ကားရောင်းချရမှုအများဆုံးလများဖြစ်ခဲ့ပြီး အဆိုပါနှစ်လအတွင်း တစ်လကို ကားအစီးရေပေါင်း ၄၀၀ ကျော် ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။
ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလသည် ၂၀၂ ၃ခုနှစ်အတွင်း မြန်မာနိုင်ငံ၏ ကားရောင်းချရမှု အနည်းဆုံးလများဖြစ်ခဲ့ပြီး ထိုလများတွင် တစ်လကို ကားအစီးရေ ၁၂၀ ကျော်သာ ရောင်းချနိုင်ခဲ့ကြောင်း AAF က ဖော်ပြထားသည်။
ပြီးခဲ့သော ၂၀၂၃ ခုနှစ်အတွင်း အာဆီယံနိုင်ငံများအနက် အင်ဒိုနီးရှားနိုင်ငံ၊ ထိုင်းနိုင်ငံတို့က ကားရောင်းချရမှုအများဆုံးနိုင်ငံများဖြစ်ခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံက ကားအစီးရေပေါင်း ၁ သန်းကျော် ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ ၂၀၂၃ ခုနှစ်အတွင်း ကားထုတ်လုပ်နိုင်မှုအရေအတွက်သည် ရောင်းချနိုင်သောအရေအတွက်ထက် နှိုင်းယှဉ်လျှင် များစွာလျော့နည်းခဲ့ပြီး ထုတ်လုပ်နိုင်သော ကားအစီးရေ စုစုပေါင်းအရေအတွက်က ၁၄၇၅ စီးရှိခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ ကားထုတ်လုပ်နိုင်မှု အရေအတွက်သည် ၂၀၂၂ ခုနှစ်တွင် ၃၁၇၅ စီးထုတ်လုပ်နိုင်ခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် ကားအစီးရေ ၁၄၇၅ စီးသာ ထုတ်လုပ်နိုင်ခဲ့ကြောင်း သိရသည်။
Ref AAF