၁၁. ၂. ၂၀၂၄
Written by Nay Aung
မြန်မာနိုင်ငံတွင် အာဏာအငြင်းပွားမှုများဖြစ်လာခဲ့ပြီးနောက်ပိုင်း ပေါက်ကွဲစေသော လက်နက်များအသုံးပြုတိုက်ခိုက်မှုများ ပိုမိုမြင့်တက်လာခဲ့ကြောင်း Action on Armed Violence (AOAV) အဖွဲ့က သတင်းထုတ်ပြန်ထားသည်။
AOAV အဖွဲ့အဆိုအရ ပြီးခဲ့သော ၂၀၂၃ ခုနှစ်တွင် မြန်မာ နိုင်ငံရှိ လက်နက်ကိုင်အဖွဲ့အစည်းများကြား ပေါက်ကွဲစေသော လက်နက်များအသုံးပြုတိုက်ခိုက်မှုကြောင့် လူပေါင်း ၇၄၅ ဦးသေဆုံးမှုအပါအဝင် အရပ်သားများထိခိုက်သေဆုံးမှု၂၁၆၄ ဦးရှိခဲ့ကြောင်း ဖော်ပြထားပြီးအဆိုပါ ထိခိုက်မှုနှင့် သေဆုံးရသူအရေအတွက်က ၂၀၂၂ ခုနှစ်နှင့်နှိုင်းယှဉ်လျှင်များစွာမြင့်တက်လာခဲ့ကြောင်း AOAV အဖွဲ့က ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် ၂၀၁၀ နောက်ပိုင်းတည်းက ပေါက်ကွဲစေသောလက်နက်များ အသုံးပြုတိုက်ခိုက်မှု အဖြစ်ပျက်ပေါင်း ၁၈၂၅ မှုဖြစ်ပွားခဲ့ပြီး ယင်းကာလအတွင်း လူပေါင်း ၁၄၅၀ ဦးသေဆုံးကာ ၄၃၄၃ ဦးဒဏ်ရာရခဲ့ကြောင်း AOAV အဖွဲ့၏ မှတ်တမ်းများတွင် ဖော်ပြထားသည်။ ထို့နောက် ၂၀၂၁ ခုနှစ်က ဖောက်ခွဲတိုက်ခိုက်မှု ၁၀၄ ကြိမ်၊ ၂၀၂၂ ခုနှစ်တွင် ၅၅၁ ကြိမ် ဖြစ်ပွားခဲ့သည်။
၂၀၂၃ ခုနှစ်အတွင်း မြန်မာနိုင်ငံ၌ တိုက်ပွဲဖြစ်ပွားမှုအရှိန်မြင့်တက်လာခဲ့ရာ ပြီးခဲ့သောနှစ် တစ်နှစ်တည်းတွင်ပေါက်ကွဲစေသောလက်နက်များကြောင့် သေဆုံးသူအရေအတွက် ၅၁ ရာခိုင်နှုန်း ဒဏ်ရာရသူအရေအတွက် ၅၀ ရာခိုင်နှုန်းမြင့်တက်လာခဲ့ကြောင်း သိရသည်။
“မြန်မာနိုင်ငံမှာ လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားမှုဟာ သုံးနှစ်ထဲကိုရောက်ရှိလာပြီ၊ ပေါက်ကွဲစေတဲ့လက်နက်တွေ အသုံးပြုမှုတွေလည်း မြင့်တက်လာနေတယ်။ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အုပ်စုနဲ့ People’s Defense Forces အဖွဲ့တွေကြား လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားမှုမြင့်တက်လာနေတယ်။ မတည်ငြိမ်မှုတွေလည်း ပိုမိုဖြစ်လာနေတယ်။” ဟု (AOAV) အဖွဲ့ ၏အမှုဆောင်အရာရှိချုပ် Dr Lain Overton က ပြော သည်။
Ref relief myanmar