၁၀. ၂. ၂၀၂၄
Written by Ye Kyaw
ယခုဘဏ္ဍာနှစ် ၁၀ လအတွင်း မြန်မာနိုင်ငံ၏ အဓိကစီးပွားရေးလုပ်ငန်းကဏ္ဍ ၁၂ ခု ရှိသည့်အနက် ၇ ခု၌သာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်ခဲ့ပြီး ဝင်ရောက်ခဲ့သည့် ရင်းနှီးမြှုပ်နှံမှု ပမာဏမှာလည်း ဒေါ်လာ ၆၁၀ ဒသမ ၀၄၅ သန်းသာရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) မှ သိရသည်။
ယခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်ခဲ့သည့် အခြေအနေမှာ စိုက်ပျိုးရေးကဏ္ဍတွင် ဒေါ်လာ ၂ ဒသမ ၇၅၈ သန်း၊ မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍတွင် ဒေါ်လာ ၂၃ ဒသမ ၄၆၉ သန်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ဒေါ်လာ ၁၁၈ ဒသမ ၇၁၉ သန်း၊ စွမ်းအင်ကဏ္ဍတွင် ဒေါ်လာ ၃၇၄ ဒသမ ၅၂၅ သန်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍတွင် ဒေါ်လာ ၇၇ ဒသမ ၈၂၀ သန်း၊ အိမ်ခြံမြေကဏ္ဍတွင် ဒေါ်လာ ၁၀ ဒသမ ၅၃၃ သန်း၊ ဝန်ဆောင်မှုကဏ္ဍတွင် ဒေါ်လာ ၂ ဒသမ ၂၂၁ သန်း ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။
ဘဏ္ဍာနှစ်အလိုက် မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံ မှု ဝင်ရောက်ခဲ့သည့်အခြေအနေမှာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၄ ဒသမ ၈၈၀ ဘီလျံ၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၃ ဒသမ ၇၉၁ သန်း၊ ၂၀၂၁- ၂၀၂၂ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၆၄၂ ဒသမ ၀၈၄ သန်းနှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၁ ဒသမ ၆၄၀ ဘီလျံဝင်ရောက်ထားခြင်းဖြစ်သည်။
၁၉၈၈-၁၉၈၉ ဘဏ္ဍာနှစ်မှ ၂၀၂၄ ခုနှစ် ဇန်နဝါရီလအထိ ၃၆ နှစ်အတွင်း အထူးစီးပွားရေးဇုန်ဥပဒေအရ ခွင့်ပြုပေးခဲ့သည့် သီလဝါအထူးစီးပွားရေးဇုန်အတွင်း ဝင်ရောက်ထားမှုအပါအဝင် စုစုပေါင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၉၅ ဒသမ ၃၂၇ ဘီလျံဝင်ရောက်ထားကြောင်း DICA မှ သိရသည်။