၁၀. ၂ .၂၀၂၄
Written by Hey Mar
ရန်ကုန်တိရစ္ဆာန်ဥယျာဥ်ရဲ့ အမှတ်သညာလို့ ပြောရမယ့် ဆင်မကြီး မိုမို နာမကျန်းဖြစ်ပြီး ဝေဒနာခံစားနေရဟန်တွေကို ပြီးခဲ့တဲ့ ရက်ပိုင်းက လူမှုကွန်ရက် စာမျက်နှာမှာ ပျံ့နှံ့လာပြီး အဆိုပါ မျှဝေသူက ဆင်မကြီးမိုမို အစာကိုတောင် လှမ်းမကောက်နိုင်ရှာဘဲ နံရံကို မှီတွယ် ထိန်းကျောင်း ရပ်နားနေရတဲ့ ဓာတ်ပုံနဲ့ ရုပ်သံကို မျှဝေလာတာပါ။
လူမှုကွန်ရက်ပေါ် တင်ထားတဲ့ စာထဲမှာ “ဒီနေ့ Zoo ရောက်တော့.. မိုမိုကိုတွေ့ခဲ့တယ်။ နေမကောင်းရှာဘူး.. ခြေထောက်မှိုစွဲရောဂါဖြစ်လို့ဆေးဖြန်းထားရတာလည်း တွေ့ရတယ်..ဥနီကျွေးတော့ အစာလုံးဝလှမ်းမယူနိုင်လို့ ပစ်ကျွေးလည်း မကောက်နိုင်ဘဲဖြစ်နေရှာတယ်… မျက်လုံးနှစ်ဖက်မှာလည်း မျက်ဝတ်တွေထွက်ပြီး နေမကောင်းပဲနုံးနေတဲ့ရုပ်လေး။ သာမာန်အတိုင်းဆို တောင့်တင်းသန်မာတဲ့နှာမောင်းဖျားတွေလဲ ကြမ်းပေါ်ပျော့ခွေပြီးအပုံလိုက်ကျနေတယ်… မတ်မတ်လည်း မရပ်နိုင်ဘဲ (မြင်တဲ့အတိုင်း) တိုင်ကိုနားထင်နဲ့မှီရပ်ပြီး မျက်လုံးလေးမှေးပြီးအနားယူနေရပါတယ်။ နေမကောင်းတဲ့အရှိန်ကြောင့် အားနည်းနေတယ်လို့ထင်ပါတယ်” လို့ ရေးသားထားပါတယ်။
တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) ရှိ ဆင်မကြီးမိုမိုကို ၁၉၆၁ခုနှစ်မှာ ကယားပြည်နယ် လွိုင်ကော်မြို့မှ ဦးခွန်စန္ဒက လှူဒါန်းခဲ့တာပါ။ လှူဒါန်းစဉ်က အသက် (၇) နှစ်ခန့်ရှိပြီး ယခုဆိုလျှင် အသက် (၇၁) နှစ်ကို ရောက်ရှိခဲ့ပြီဖြစ်ပါတယ်။
အသက်အရွယ်ကြီးရင့်လာမှုရဲ့ နောက်ဆက်တွဲအကျိုးရလဒ်အနေနဲ့ သက်ကြီးဆင်တွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ခြေသည်းအထက်ပိုင်းမှာ ကြွက်နို့သဏ္ဍာန် ထွက်ပေါ်လာတာကို တွေ့ရပြီး အဲ့ဒီ့အခြေအနေကို ဆင်ကျွမ်းကျင်သူ ပညာရှင်တွေဖြစ်တဲ့ ဒေါက်တာခင်မောင်ဝင်း (ဆင်ဖြူတော်ဥယျာဉ်)၊ မြန်မာ့သစ်လုပ်ငန်းမှ ဒု-လက်ထောက် အထွေထွေမန်နေဂျာ ဒေါက်တာဇော်မင်းဦးနဲ့ အင်းစိန်ရောဂါရှာဖွေရေးဌာနမှ ကျွမ်းကျင်ပညာရှင် ဒေါက်တာဝင်းမြင့်တို့ကို ပင့်ဖိတ်ပြီး အကြံဉာဏ်တောင်းခံခဲ့ကာ လိုအပ်တာတွေကို နေ့စဉ်မပြတ် ဆောင်ရွက်ပေးလျက်ရှိပါတယ်လို့ ရန်ကုန် တိရစ္ဆာန်ဉယျာဥ် က မနေ့က ဖေဖော်ဝါရီ ၉ ရက်နေ့မှာ ထုတ်ပြန်အသိပေးထားပါတယ်။
ရန်ကုန်တိရစ္ဆာန် ဉယျာဥ်အနေနဲ့ ထုတ်ပြန်ချက်မှာ ဆင်မကြီးမိုမိုရဲ့ အသက်ကြီးလာတာနဲ့ အမျှ သူ့ရဲ့ မူရင်းသဘာဝအတိုင်း အစာကို အမျိုးမျိုးရွေးချယ်စားသောက်တတ်ပြီး နေ့စဉ်နဲ့ အမျှ အစာကို ပြောင်းလဲစားသောက်တတ်ပါတယ်။ ဆင်မကြီးမိုမိုအတွက် လိုအပ်တဲ့ ဖြည့်စွက်စာတွေနဲ့ သူ ကြိုက်နှစ်သက်တဲ့ အစာကိုပိုမိုကျွေးခြင်း၊ ညဘက် အိပ်ချိန်မှာ သက်တောင့်သက်သာဖြစ်စေဖို့ သဲပေါ်မှာ အိပ်စက်စေခြင်းတွေကို ဆောင်ရွက်နေပြီး အနီးကပ်ကျွေးမွေးပြုစုစောင့်ရှောက်လျက်ရှိပါတယ် လို့လည်း ရေးသားပါတယ်။
လူမှုကွန်ရက်စာမျက်နှာပေါ်က ဆင်မကြီးမိုမိုရဲ့ နာမကျန်းတဲ့ Post ကို ဆင်အထူးကု ဒေါက်တာ ခိုင်မာကလည်း သက်ကြီးဆင်တွေကို ထားသင့်တဲ့ပုံစံကို သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာကနေ အခုလို အကြံပြုမျှဝေထားပါတယ်။
”Concrete (ကွန်ကရိ) ပေါ် နှစ်ပေါင်းများစွာ Body weight (ခန္ဓာကိုယ်အလေးချိန်) ထိန်းထားတဲ့အကျိုးများ ခံစားနေရပြီ။ River sand(မြစ်သဲ) သဲပေါ်ထားပါဆိုတာကို အာခံခဲ့ကြတာ။ Osteoarthritis နဲ့ Pododermatitis ကို ဆင်အိုတွေ ကြာရှည်စွာ နာကျင်စွာခံစားပီးမှ သေရတာ။ ခြေထောက်မကွေးနိုင်ရင် မတ်တတ် အိပ်ရတော့မယ်။ မတ်တပ်နေရတာကိူက အားကုန် Energy Demanding(အားအင်များစွာလိုအပ်) တယ်။ ဆင်အိုမကြီးအတွက် ပုခက်ဆင်ဖို့ ခုထဲက စီစဥ်ကြပါတော့။ ရန်ကုန် ဥယျာဥ်ဆင်ရုံကလည်း ဆင်မနိုင်တဲ့ ကရိန်း Cranes and winches (ကရိန်းနှင့် စက်ကရိယာများ) တပ်နိုင်အောင်လည်း မကောင်း မတောင့်။ လှော်ကားဥယျာဥ်လို နေရာကျယ်ကျယ်မှာ သဘာ၀မြေ Natural earth(သဘာဝ) နဲ့ သစ်ပင်တွေအောက် သူသေတဲ့အထိ လူသံမကြားရတဲ့နေရာ သက်သက်သာသာ နောက်ဆုံးအချိန်ထိနေပါစေ။ ” (မူရင်း)လို့ ရေးသားမျှဝေထားတာပါ။