၁၀. ၂. ၂၀၂၄
Written by Ye Kyaw
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွက် ပို့ကုန်တင်ပို့မှုမှ ဒေါ်လာ ၁၆ ဘီလျံခွဲရရှိရန် လျာထားသော်လည်း ဘဏ္ဍာနှစ်ကုန်ဆုံးရန် နှစ်လနီးပါးသာ ကျန်ရှိချိန်အတွင်း လျာထားချက်ပြည့်မီရန် ဒေါ်လာ ၄ ဘီလျံကျော် လိုအပ်နေသေးကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ ဖေဖော်ဝါရီ ၂ ရက်အထိ ၁၀ လကျော်အတွင်း ပြည်ပသို့ ပို့ကုန်တင်ပို့မှု ဒေါ်လာ ၁၂ ဒသမ ၁၃၅ ဘီလျံသာရရှိထားပြီး လျာထားချက် ၁၆ ဘီလျံခွဲ ပြည့်မီရန် ၄ ဒသမ ၃၄၆ ဘီလျံလိုအပ်နေခြင်းဖြစ်သည်။ ထို့ပြင် ပို့ကုန်ပမာဏ ဒေါ်လာ ၁၄ ဒသမ ၀၇၈ ဘီလျံအထိ တင်ပို့ထားသည့် ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါကလည်း ပို့ကုန်တင်ပို့မှု ဒေါ်လာ ၁ ဒသမ ၉၄၃ ဘီလျံအထိ လျော့ကျနေခြင်းဖြစ်သည်။
လယ်ယာထွက်ကုန်မှရရှိသည့် ပို့ကုန်ရငွေဖြင့် စက်သုံးဆီနှင့် စားသုံးဆီ တင်သွင်းမှုနှင့် ရော်ဘာ တင်ပို့မှရရှိသည့် ပို့ကုန်ရငွေဖြင့် ဓာတ်မြေဩဇာနှင့် ပိုသတ်ဆေးများ တင်သွင်းခြင်းအား ခွင့်ပြုပေးထား၍ ပို့ကုန်ကဏ္ဍ တိုးမြှင့်ရေးကို အဓိကထားဆောင်ရွက်ရန် ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မြထွန်းဦးက မှာကြားထားသည်။
ဘဏ္ဍာနှစ်လက်ကျန်နှစ်လသည် ပွင်းလင်းရာသီသို့ ရောက်ရှိလာပြီဖြစ်၍ စိုက်ပျိုးရေးသီးနှံများ ထွက်ရှိလာခြင်း၊ ရေထွက်ကုန်များ ပိုမိုထုတ်လုပ်နိုင်ခြင်းအပြင် စက်မှုကုန်ချောလုပ်ငန်း၊ အထည်ချုပ်လုပ်ငန်း၊ သတ္တုတွင်းထွက် ကုန်ချောလုပ်ငန်းများလည်း တင်ပို့မှုပိုမိုချိတ်ဆက်လာမည်ဖြစ်သောကြောင့် ပို့ကုန်လျာထားချက် ပြည့်မီစေရေး ကုန်သွယ်မှုမြှင့်တင်ရမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံက ပြောကြားထားသည်။
ပုံစာ- ပို့ကုန်/သွင်းကုန်လုပ်ငန်များ ဆောင်ရွက်နေသည့် ရန်ကုန်မြို့ရှိ ဆိပ်ကမ်းတစ်ခုကို တွေ့ရစဉ်။
Photo- Asia World