၁၀. ၂ .၂၀၂၄
Written by Hey Mar
ယနေ့ ဖေဖော်ဝါရီ ၁၀ ရက် မနက် ၁၂ နာရီခန့်အချိန်မှာ ရန်ကုန်-နေပြည်တော်အမြန်လမ်းမကြီးပေါ် ရှိ ၁၅၈ မိုင် စစ်ဆေးရေးဂိတ်မှာ Express ယာဥ်တစ်စီးက အရှိန်နဲ့ ဝင်တိုက်တာကြောင့် ယာဥ် ၅ စီး ဆင့်တိုက်တဲ့ မတော်တဆမှု တစ်ခုဖြစ်ပွားကာ လူ ၃ ဦး သေဆုံးခဲ့ပြီး ၁၀ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သာဂရ အမြန်လမ်း မီးသတ်တပ်ဖွဲ့ထံက သိရပါတယ် ။
ဖြစ်စဥ်က ရန်ကုန်-နေပြည်တော်အမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၁၅၈/၅)ဖာလုံအနီးမှာ ဖြစ်ပွားခဲ့ပြီး ၊ အစိမ်းရောင် သစ်ဆန်း Express ယာဥ်က အစစ်ဆေးခံဖို့ ရပ်တန့်နေတဲ့ ယာဥ်တန်းကို အနောက်ကနေ အရှိန်နဲ့ ဝင်တိုက်တာကြောင့် ယာဥ်ငယ် သုံးစီးဟာ ရှေ့က ခိုင်မန္တလေး Express ယာဥ် နှစ်စီးကြား ညှပ်တိုက်ခံလိုက်ရတဲ့ အခြေအနေ ဖြစ်ခဲ့တာပါ။ တိုက်သွားတဲ့ အရှိန်ကြောင့် Toyota RAV-4 အဖြူရောင်ယာဥ် (ကြေမွပျက်စီး)Super Custom အဖြူရောင်ယာဥ်( ခါးတစ်ပိုင်း ကြေ) နဲ့ Toyota Caldina (လိမ္မော်ရောင်ယာဥ် ကြွေမွပျက်စီးကာ Toyota RAV 4(အဖြူရောင်)ယာဉ်ပေါ်ပါ အမျိုးသား(၃)ဦး၊ အမျိုးသမီး (၃)ဦး၊ စုစုပေါင်း(၆)ဦး အနက် အမျိုးသား(၁)ဦး ၊ အမျိုးသမီးတစ်ဦး သေဆုံးကာ၊ အမျိုးသား(၂)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)၊ အမျိုးသမီး (၁)ဦး ထိခိုက်ဒဏ်ရာ(စိုးရိမ်ရ)၊ အမျိုးသမီး(၁)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့ပါတယ်။
ဒါ့အပြင် Super Custom(အဖြူရောင်)ယာဉ်ပေါ်ရှိ အမျိုးသား(၁)ဦး၊ အမျိုးသမီး (၂)ဦး စုစုပေါင်း (၃)ဦး အနက်၊ အမျိုးသား(၁)ဦး (သေဆုံး)၊ အမျိုးသမီး(၂)ဦး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ပြီး ၊ Toyota Caldina (လိမ္မော်ရောင်)ယာဉ်ပေါ်ရှိ အမျိုးသား(၁)ဦး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့သလို သစ်ဆန်း အစိမ်းရောင် Express ယာဥ်ပေါ်က အမျိုးသား (၂) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
အမြန်လမ်း မီးသတ်တပ်ဖွဲ့ တာဝန်ရှိသူက “အရှိန်လွန် ဝင်တိုက်တာလို့ ပြောရမှာပါ။ သစ်ဆန်းက RAV – 4 ယာဥ်ကို အနောက်ကနေ စတိုက်တာမှာ ရှေ့က ကယ်ဒီးနား စူပါကာစတန်နဲ့ ခိုင် မန္တလေး အိတ်စပတ်ယာဥ်ကြား ယာဥ်ငယ် ၃ စီး ညပ်သွားတာ။ RAV-4 ပေါ်က ကျား တစ်ဦး ၊ မ တစ်ဦး သေဆုံးခဲ့ပြီး ၊ စူပါကာစတန်ပေါ်က ကျား တစ်ဦး သေဆုံးခဲ့ပါတယ်။ ဒဏ်ရာရတာက ကျား (၅)ဦး မ(၅) ဦး ပါ”လို့ MT News က ဆက်သွယ်မေးမြန်းတာကို ဖြေကြားပါတယ်။
ယာဉ်တိုက်မှုဖြစ်ပွားတဲ့ သတင်းရရှိတာကြောင့် သာဂရအမြန်လမ်းမီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပြီး သေဆုံးသူတွေနဲ့ ထိခိုက်ဒဏ်ရာ ရရှိသူတွေကို ဆွာလူမှုကူညီရေးအသင်းနဲ့ မြို့သစ်လူမှုကူညီရေးအသင်းတို့က သူနာတင်ယာဉ်တွေနဲ့ တောင်ငူပြည်သူ့ဆေးရုံဆီ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။