၉. ၂. ၂၀၂၄
Written by Nay Aung
မြန်မာနိုင်ငံနယ်စပ်ဒေသတွင် ဖြစ်ပွားနေသည့် အခြေအနေများကို စိုးရိမ်မိကြောင်း၊ မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသည့် လုံခြုံရေးအခြေအနေများက ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ အိန္ဒိယကောင်စစ်ဝန်ရုံးအပေါ် သက်ရောက်မှုများရှိလာနေကြောင်း အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာနကသတင်းထုတ်ပြန်ထားသည်။
ရခိုင်ပြည်နယ်၏ လုံခြုံရေးအခြေအနေသည် စိုးရိမ်စရာကောင်းနေပြီး အဓိကအရေးကြီးသော အခြေအနေများရှိနေကြောင်း၊ အိန္ဒိယနိုင်ငံသားများကို ရခိုင်ပြည်နယ်မှ အမြန်ဆုံးထွက်ခွာရန် အကြံပြုတောင်းဆိုထားကြောင်း အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Randhir Jaiswal က ပြောသည်။
ထို့အပြင် အိန္ဒိယနိုင်ငံသားများကို ရခိုင်ပြည်နယ်သို့ ခရီးမသွားရန် အကြံပြုပြောဆိုထားကြောင်း အိန္ဒိယပြည်ပရေးရာ ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
အိန္ဒိယသည် ၂၀၁၄ ခုနှစ်ကတည်းက ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ကောင်စစ်ဝန်ရုံးတည်ထောင်ထားပြီး ရခိုင် ပြည်နယ်၌ အိန္ဒိယနိုင်ငံသား မည်မျှရှိနေသလဲဆိုသောအချက်ကို အတိအကျမသိသေးကြောင်း ၎င်းကပြောသည်။
အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူက “ရခိုင်ပြည်နယ်ရဲ့လုံခြုံရေးအခြေအနေတွေဟာ အိန္ဒိယကောင်စစ်ဝန်ရုံးအပေါ် သက်ရောက်မှုရှိနေပါတယ်။ ရခိုင် ပြည်နယ်အခြေအနေတွေကို စောင့်ကြည့်နေပါတယ်။ ကျွန်တော်တို့ဟာ ရခိုင်ပြည်နယ်ရဲ့လုံခြုံရေးအခြေအနေတွေနဲ့ပတ်သက်ပြီး အကောင်းဆုံးဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲဆိုတာ တွေ့မြင်ရမှာပါ”ဟု ပြောသည်။
အိန္ဒိယအစိုးရသည် လက်ရှိအချိန်တွင် မြန်မာနိုင်ငံနှင့်နယ်စပ်ချင်းထိစပ်နေသောနေရာများ၌ ခြံစည်းရိုးခတ်သွားရန် စီစဉ်နေသလို မြန်မာနိုင်ငံသားများနှင့် အိန္ဒိယနိုင်ငံသားတို့ကို နှစ်နိုင်ငံစလုံး၏နယ်စပ်ဒေသကိုလွတ် လပ်စွာသွားလာလှုပ်ရှားခွင့် Free Movement Regime ခွင့်ပြုထားခြင်းကို ဆိုင်းငံ့လိုက်ကြောင်း သိရသည်။
ရခိုင်ပြည်နယ်တွင် မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်ရခိုင်လက်ကိုင်အဖွဲ့ AA ကြား ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ဇန်နဝါရီလလယ်ကတည်းက အင်တာနက် မရဘဲ ညမထွက်ရအမိန့်များထုတ်ပြန်ထားသည်ဟု အိန္ဒိယသတင်းမီဒီယာများတွင် ဖော်ပြထားသည်။
Ref hindustantimes